လူမှောင်ခိုဂိုဏ်း ခေါင်းဆောင်ကို ရန်ကုန်မှာ ဖမ်းမိ

  • 31 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် epa
Image caption ထိုင်းငါးဖမ်းလှေ ကုမ္ပဏီမှာ လှေလုပ်သား အဖြစ် လုပ်ဖို့ မြန်မာ အလုပ်သမားတွေကို တရားမဝင် ခေါ်ယူဖို့ ကြိုးစား

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို လေယာဉ်နဲ့ လူကုန်ကူးနေတဲ့ ဂိုဏ်းခေါင်းဆောင်လို့ ယူဆရသူ တစ်ဦးကို ရန်ကုန်မြို့ ကမ်းနားလမ်း River View ဟိုတယ်မှာ အောက်တိုဘာလ ၂၉ရက်နေ့က မြန်မာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

အခု ဖမ်းမိတဲ့သူဟာ ကိုရေခဲ ခေါ် ခွန်ကျော့ရှင်း ဆိုသူ ဖြစ်ပြီး သူစုဆောင်း ထားတဲ့ အလုပ်သမား ၃ ဦးနဲ့အတူ ဖမ်းဆီး မိခဲ့တာပါ။

ထိုင်းနိုင်ငံက ငါးဖမ်းလှေ ကုမ္ပဏီတခုမှာ လှေလုပ်သား အဖြစ် လုပ်ကိုင်ဖို့ မြန်မာ အလုပ်သမားတွေကို တရားမဝင် ခေါ်ယူနေတာ ဖြစ်ပြီး အင်ဒိုနီးရှား ပင်လယ်ပြင်မှာ ငါးဖမ်းလုပ်သားတွေအဖြစ် ပို့တဲ့အထဲမှာ အဲဒီကုမ္ပဏီက လူတွေ ပါတယ်လို့ ရန်ကုန်တိုင်း လူကုန်ကူးမှု တားဆီးရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးကြီး ရဲဝင်းအောင်က ဘီဘီစီကို ပြောပါတယ်။

အဓိကက တရားဝင် အလုပ်သမားပို့ခွင့် လုပ်ငန်း လိုင်စင် မရှိပဲ အလုပ်သမားတွေကို ပြည်ပကို ပို့တဲ့အတွက် အခုလို ဖမ်းဆီးခဲ့တာ ဖြစ်ပြီး လူကုန်ကူးတဲ့ အဆင့် ဖြစ်မဖြစ် ဆိုတာကို ဆက်လက် စစ်ဆေးသွားမယ်လို့ ပြောပါတယ်။

အဲဒီအဖွဲ့မှာ ပါတဲ့ ထိုင်းလူမျိုးတဦးကတော့ မြန်မာနိုင်ငံထဲကနေ ထွက်ခွာသွားပြီး ဖြစ်ပြီး ဒီအမှုနဲ့ ပတ်သက်လို့ ထိုင်းရဲတပ်ဖွဲ့၊ ထိုင်းလူကုန်ကူးမှု တားဆီးရေး အဖွဲ့တို့နဲ့ အတူ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ရဲမှူးကြီး ရဲဝင်းအောင်က ပြောပါတယ်။ အခုလို နိုင်ငံကူးလက်မှတ်နဲ့ တရားမဝင် အလုပ်သမား ခေါ်ယူတာကို ဖမ်းဆီးမိတာ ဒါ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ သူက ပြောပါတယ်။