အပစ်ရပ်ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မီတီ ဖွဲ့စည်းပုံ သဘောတူ

  • 31 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် EPA
Image caption လက်တွေ့ အပစ်ရပ်ဖို့ ဆက်လုပ်စရာ တွေရှိနေ

အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မီတီ JMC ဖွဲ့စည်းပုံ၊ နှစ်ဖက်တပ်တွေ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေ၊ ပူးတွဲစောင့်ကြည့်ရေး ဆိုင်ရာ ပြည်ထောင်စု အဆင့် လုပ်ငန်း လမ်းညွှန်ချက်တွေကို အစိုးရနဲ့ တပြည်လုံး ဆိုင်ရာ အပစ်ရပ်စာ ချုပ် လက်မှတ် ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ ကြားမှာ သဘောတူ ခဲ့တယ်လို့ ABSDF မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ် တပ်ဦး အဖွဲ့ ဦးဆောင် ကော်မီတီဝင် ကိုဆလိုင်း ယောအောင်က ပြောပါတယ်။

ဒါပေမယ့် ဒီအချက်တွေကို နိုဝင်ဘာလ ၁၆ ရက်နေ့ နေပြည်တော်မှာ ကျင်းပဖို့ရှိတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အကောင်အထည်ဖော်မှု ဆိုင်ရာ JICM ညှိနှိုင်း အစည်းဝေးမှာ ထပ်ပြီး အတည်ပြုရမှာဖြစ်တယ်လို့ သူက ပြောပါတယ်။

အဲဒီလို အတည်ပြု ပြီးတဲ့ အခါ အောက်ခြေအထိ ဆင့်ကဲ ဆင့်ကဲ အကောင်အထည် ဖော်ဖို့ အတွက် တိုင်းနဲ့ ပြည်နယ်တွေ၊ ဒေသဆိုင်ရာ အဆင့်တွေ အထိ JICM အကောင် အထည်ဖော်မှု ဆိုင်ရာ အဖွဲ့တွေ ဖွဲ့စည်း ဆောင်ရွက် ရမှာ ဖြစ်တယ်လို့ သူကဆိုပါတယ်။

ဒါပေမယ့် တနိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် NCA မှာလက်မှတ်ထိုး ထားတဲ့အဖွဲ့ နဲ့ မထိုးရသေး တဲ့အဖွဲ့တွေ နယ်နိမိတ် ချင်းဆက်စပ် နေတဲ့ နေရာတွေလည်း ရှိနေတဲ့ အတွက် လက်တွေ့ လုပ်ကြည့်မှ အခြေအနေမှန် ကို သိနိုင်မယ်လို့ ကိုဆလိုင်း ယောအောင် က ပြောပါတယ်။

ABSDF ရဲ့ တပ်ဖွဲ့ တချို့ ဟာလည်း အစိုးရနဲ့ တိုက်နေတဲ့ KIA တပ်တွေနဲ့အတူ ရှိနေဆဲ ဖြစ်ပါတယ်။

တကယ်လို့ အစိုးရဖက်က ကေအိုင်အေကို တိုက်လာလို့ သူတို့ တပ်တွေရှိတဲ့ နယ်မြေနဲ့ထိရင်တော့ ခုခံကာကွယ်ရ မှာဖြစ်ပေမယ့် အဲဒီအခြေ အနေအထိ ရောက်မလာနိုင် ဘူးလို့ ယူဆတယ်လို့ ကိုဆလိုင်းယောအောင် ကဆိုပါတယ်။