ပန်ဆန်းအစည်းအဝေး ကေအဲန်ယူ တက်ရောက်

  • 2 နိုဝင်ဘာ 2015
Image caption KNU ဒုတိယ ဥက္ကဌ ပဒို နော်စီ ဖိုးရာစိန် တက်ရောက် နေတာ ဖြစ်ပါ တယ်

UWSA ဝပြည် သွေးစည်း ညီညွတ်ရေး ဌာနချုပ် ပန်ဆန်းမှာ ပြုလုပ် နေတဲ့ တစ်နိုင် ငံလုံး အပစ် အခတ် ရပ်စဲရေး စာချုပ် NCA ကို လက်မှတ် မရေးထိုး ရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ အစည်း အဝေးကို ကရင် အမျိုးသား အစည်းအရုံး KNU တက်ရောက် နေပါ တယ်။

တနင်္လာနေ့မှာ ဒုတိယနေ့ အဖြစ် ဆွေးနွေး ခဲ့တဲ့ ဒီ အစည်း အဝေးကို KNU ဒုတိယ ဥက္ကဌ ပဒို နော်စီ ဖိုးရာစိန် တက်ရောက် နေတာပါ။

စောစောပိုင်း တုန်းကလည်း KNU လက်အောက်ခံ ကရင့် ကာကွယ်ရေး တပ် KNDO ခေါင်းဆောင် လည်း သွား တက် ရောက်ဖို့ ရှိတယ်လို့ သတင်းတွေ ထွက်ခဲ့ တာကြောင့် KNU အတွင်းမှာ သဘောထား ကွဲနေတဲ့ သဘော ထားမျိုး ဝေဖန် ပြောဆို မှုတွေလည်း ရှိနေ ပါ တယ်။

ဒါပေမယ့်လည်း နော်စီ ဖိုးရာစိန် သွားရောက်တာဟာ KNU ကို ကိုယ်စားပြု သွားတာ မဟုတ်တဲ့ အတွက် လက်မှတ် မထိုး ထားတဲ့ အဖွဲ့တွေ ကို စာနာတဲ့ အနေ အထား မျိုး ဖြစ်နိုင် မယ်လို့ KNU အထွေထွေ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်း က ပြောပါတယ်။

နောက်ပြီး ဆွေးနွေး ဆုံးဖြတ် တာတွေကို လုပ်ဆောင်မှာ မဟုတ်ဘူး လို့ သူက ပြောပါတယ်။

UWSA ဥက္ကဌ ရဲ့ အဖွင့် မိန့်ခွန်း မှာတော့ အပစ် အခတ် ရပ်စဲရေး အတွက် ရွေးကောက်ပွဲ အပြီးမှာ အစိုးရနဲ့ ဆက်ဆွေးနွေး မယ်လို့ ဆိုပါ တယ်။

တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး စာချုပ် NCA နဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ အပြီးမှာ အစိုးရနဲ့ ဆက် ဆွေးနွေး မယ်လို့ ဝတပ်ဖွဲ့ ဥက္ကဌက ပြောတာဟာ နောက်ဖြစ် ပေါ်လာမယ့် အစိုးရ သစ်ကို ဆိုလို တာလား ကိုတော့ ရှင်းရှင်း လင်းလင်း မသိရပါ။

အင်္ဂါနေ့မှာ ပြီးဆုံးမယ့် ဒီအစည်းအဝေး ကနေ ထွက်လာမယ့် အပြီးသတ် ဆုံးဖြတ်ချက် ကနေ၊ လက်မှတ် မရေးထိုး သေးတဲ့ အဖွဲ့တွေ အနေနဲ့ ဘာဆက်လုပ် မလဲ ဆိုတာ တိတိ ကျကျ သိရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ