ခရီးသည်တင် ကားနောက် လိုက်ပြီး ရိုက်နှက်မှုဖြစ်

  • 3 နိုဝင်ဘာ 2015
Car Burma
Image caption ရန်ကုန်မှာ ပြေးဆွဲနေတဲ့ ပါရမီ ကား တစ်စီး

နိုဝင်ဘာလ ၂ ရက်နေ့ ည ၉ နာရီလောက်က ရန်ကုန်မြို့ကြီးရဲ့ လူစည်ကားရာ တစ်နေရာ တာမွေအဝိုင်းကြီးနားမှာ ခရီးသည်တင် ကား ပေါ်က ကားမောင်းသမားနဲ့ ကားစပယ်ယာကို နောက်က လိုက်လာတဲ့ အိမ်ကားပေါ်က လူတစ်စုက လိုက်လံ ရိုက်နှက်မှု ဖြစ်ခဲ့ပါတယ်။

သူတို့က မရမ်းကုန်း မြို့နယ် အတွင်းက စပြီး ကားနှစ်စီး ပွတ်တိုက်မှု ဖြစ်ခဲ့ပြီးနောက် အိမ်စီးကားက နောက်က လိုက်လာ တိုက်ခိုက်တဲ့ အထိ ဖြစ်ခဲ့တာလို့ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့က သတင်း မီဒီယာ တာဝန်ခံ ရဲမှူးကြီး ဦးဝင်းဘိုက ဘီဘီစီကို ပြောပါတယ်။

ခရီးသည်တင် ဘတ်စ်ကားက တာမွေမှာ ရပ်ထားချိန် အိမ်စီးကားပေါ်က လူတွေ က ဝိုင်းရိုက်တာ ဖြစ်ပြီး ကားမောင်းသမားကိုလည်း ရိုက်နှက်ခဲ့တယ်လို့ သူက ပြောပါတယ်။

လူမှု ကွန်ရက် တွေမှာ ပြန့်နှံ့နေတဲ့ တိုက်ခိုက်မှု ဖြစ်တဲ့ နေရာမှာ ကားကို မီးရှို့တယ် ဆိုတာနဲ့ ပတ်သက်လို့တော့ သူတို့ ရောက်သွားချိန်မှာ ဘာမှ မတွေ့ခဲ့ဘူးလို့ ရဲမှူးကြီး ဦးဝင်းဘိုက ပြောပါတယ်။

ခရီးသည်တွေထဲ ကတော့ ကြောက်လန့်ပြီး ထွက်ပြေးရာက ချော်လဲ ဒဏ်ရာ ရခဲ့ကြတာသာ ဖြစ်ပြီး ရိုက်နှက်ခံကြရတာ မရှိဘူးလို့ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ပြောပါတယ်။

လောလောဆယ် ရိုက်နှက်သူတွေကို လိုက်လံ စုံစမ်းနေတုန်း ဖြစ်ပြီး ထုတ်ပြန် ပြောလို့ ရတဲ့ အခြေအနေမှာ သတင်း ထုတ်ပြန် ပေးမယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ