အပစ်ရပ် လက်မှတ်ထိုး နောက်ကျလို့ မဲပေးခွင့်မရ

  • 4 နိုဝင်ဘာ 2015
Image caption ကျေးရွာပေါင်း ၁၅၀နီးပါးက ပြည်သူတွေ ၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးခွင့် မရကြတော့

KNU အပါအ၀င် ကရင် လက်နက်ကိုင် အဖွဲ့တွေ NCA တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးတာ အချိန် နည်းနည်း နောက်ကျသွားတဲ့အတွက် ကရင်ပြည်နယ်၊ ကော့ကရိတ် ခရိုင်ရဲ့ မြို့ နယ် ၂ခု အတွင်းက ရွာပေါင်း ၁၅၀ နီးပါးက ပြည်သူတွေ အခုရွေးကောက်ပွဲမှာ မဲပေးခွင့် မရကြတော့ဘူးလို့ သိရပါတယ်။

မဲပေးခွင့် မရလိုက်တဲ့ ကျေးရွာတွေကတော့ ကော့ကရိတ်ခရိုင် ကော့ကရိတ် မြို့နယ်က ကျေးရွာအုပ်စု ၇ စုနဲ့ ကြာအင်းဆိပ်ကြီး မြို့နယ်ထဲက ကျေးရွာအုပ်စု ၃၈ စု အောက်က ကျေးရွာ ၁၅၀ နီးပါးမှာ ဖြစ်တယ်လို့ ကော့ကရိတ် ခရိုင်ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်က ပြောပါတယ်။

အဲဒီဒေသတွေမှာ ရွေးကောက်ပွဲ ကျင်းပဖို့အတွက် လုံခြုံရေးအရ မဖြစ်နိုင်သေးဘူးလို့ ကရင် လက်နက်ကိုင် အဖွဲ့အစည်းတွေ ကိုယ်တိုင်က အစောပိုင်းက ပြောခဲ့တဲ့အကြောင်းနဲ့ NCA တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပြီးတဲ့ နောက်ပိုင်းမှာ ကရင် လက်နက်ကိုင် အဖွဲ့အစည်းတွေက အဲဒီ နှစ်မြို့ နယ်က ကျေးရွာအုပ်စု ၄၅ စုမှာ ရွေးကောက်ပွဲ ကျင်းပလိုတယ်လို့ ပြောလာပေမယ့် အချိန် နောက်ကျသွား ပြီဖြစ်ကြောင်း ကော့ကရိတ် ခရိုင်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးခင်မောင်က ဘီဘီစီကို ပြောပါတယ်။

နှစ်ပေါင်း ၆၀ ကျော် ကြာခဲ့ပြီ ဖြစ်တဲ့ ပြည်တွင်းစစ်ကို KNU ခေါင်းဆောင်ပိုင်း အတော်များများက အဆုံးသတ်ချင် နေကြပေမယ့် တချိန်ထဲမှာပဲ အပစ်ရပ်ရေး လက်မှတ်ရေးထိုးတာအပေါ် သဘောထား အမြင် မတူသူတွေလည်း ရှိနေတယ်လို့ KNU က ဗိုလ်မှူးကြီးဖေါဒို့က ပြောပါတယ်။

လောလောဆယ်မှာတော့ ကရင်ပြည်နယ် အတွင်း စစ်ဖြစ်နေတဲ့ ဒေသက ကရင်လူထုတွေဟာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးနိုင်တဲ့ အထိမ်းအမှတ် အောင်ပွဲတွေကို ကျင်းပနေကြပါတယ်။