အပစ်ရပ်ရေးကို နောက်အစိုးရနဲ့ ဆွေးနွေးမယ်။

  • 3 နိုဝင်ဘာ 2015
Image caption အပစ်ရပ် လက်မှတ်မထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဝပြည်သွေးစည်း ညီညွတ်ရေးအဖွဲ့တို့ ၃ရက်ကြာ ဆွေးနွေးခဲ့ကြ

တနိုင်ငံလုံး အပစ်ရပ် လက်မှတ် မထိုး ထားတဲ့ တိုင်းရင်းသား အဖွဲ့တွေက အပစ်အခတ် ရပ်စဲရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို ရွေးကောက်ပွဲ အပြီး တက်လာမယ့် အစိုးရနဲ့ ဆက်လက် ဆွေးနွေးဖို့ နိုဝင်ဘာလ ၃ရက်နေ့က ဆုံးဖြတ်လိုက်ကြပါတယ်။

NCA တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မှာ လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၁ ဖွဲ့က UWSA ဝပြည် သွေးစည်း ညီညွှတ်ရေး ဌာနချုပ်မှာ ၃ ရက်ကြာ ဆွေးနွေးခဲ့အပြီးမှာ အခုလို ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

ရွေးကောက်ပွဲ အပြီး ဖြစ်ပေါ်လာမယ့် အစိုးရသစ် အနေနဲ့ တိုင်းရင်းသားတွေ လိုလားတဲ့ ဖယ်ဒရယ် ပြည်ထောင်စု စနစ်ကို အကောင်အထည် ဖေါ်ပေးရမယ်၊ ဖွဲ့စည်းပုံ ပြင်ပေးရမယ်၊ လက်ရှိ ကာလမှာလည်း အစိုးရ စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေတာကို ရပ်ဆိုင်းရမယ်၊ စတဲ့ ဆုံးဖြတ်ချက်တွေကိုလည်း အဲဒီ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။

နောင်တက်လာမယ့် အစိုးရနဲ့ ဆက်လက် ဆွေးနွေးဖို့ကိုလည်း လက်မှတ် မထိုးထားတဲ့ အဖွဲ့တွေ စုပေါင်းပြီး အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။

အဲ့ဒီအဖွဲ့မှာ အရင်က တခြားအဖွဲ့တွေမှာ မပါခဲ့တဲ့ ဝတပ်ဖွဲ့နဲ့ မိုင်းလားအဖွဲ့ တို့ ပါဝင်မယ်လို့ သိရပါတယ်။

တာဝန်ပေးရင် ဝတပ်ဖွဲ့က ဦးဆောင် ဖွဲ့မယ်လို့ ဝတပ်ဖွဲ့က ပြောတဲ့အကြောင်း AA ရခိုင့်တပ်မတော် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က ပြောပါတယ်။

အခု ရွေးကောက်ပွဲမှာ ဘယ်ပါတီက အနိုင်ရမယ် ဆိုတာကို အစည်းအဝေးမှာ ခန့်မှန်း ပြောဆိုတာမျိုး မရှိပဲ ဦးသိန်းစိန် အစိုးရပဲ ဆက်ရှိနေနေ ၊ NLD အစိုးရ တက်လာတက်လာ ဖြစ်လာတဲ့အစိုးရနဲ့ ဆက်လက် ဆွေးနွေးသွားမယ်လို့ ဒေါက်တာ ညိုထွန်းအောင်က ဘီဘီစီကို ပြောပါတယ်။