ဆိုရှယ်မီဒီယာတွေပေါ်က မဲဆွယ်လာနေကြ

  • 4 နိုဝင်ဘာ 2015
nld_election ဓာတ်ပုံ မူပိုင် AFP
Image caption ပုံစံအမျိုးမျိုး အပြိုင်အဆိုင် မဲဆွယ်နေ

ရွေးကောက်ပွဲ ကျင်းပတော့မယ့် အချိန်မှာ ပါတီကြီး တွေက မဲဆန္ဒနယ် တွေ ဆင်းပြီး ဟောပြောတာ ဆိုရှယ် မီဒီယာ သုံးပြီး ဖေ့စ်ဘွတ် ပေါ်ကနေ မဲဆွယ် တာမျိုးလို ပုံစံအမျိုးမျိုး အပြိုင်အဆိုင် လုပ်နေကြပါတယ်။

အခု ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ က ပါတီစုံ နေရာစုံ ယှဉ်ပြိုင် ကြမှာမို့ လူတွေရဲ့ စိတ်ဝင်စားမှု ကလည်း မြင့်လာနေပါတယ်။

ကိုယ်စားလှယ် လောင်း တွေက မဲဆန္ဒနယ်တွေမှာ ကိုယ်တိုင် ကိုယ်ကျ စည်းရုံးရေးဆင်းတာ၊ ဆိုရှယ်မီဒီယာ သုံးပြီး ဖေ့စ်ဘွတ် ပေါ်ကနေ မဲဆွယ်မှုတွေ အမျိုးမျိုး လုပ်လာနေကြပါတယ်။

ဂန့်ဂေါမှာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မယ့် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေး ပါတီက ဦးလှဆွေ ကတော့ မြို့ကြီး ပြကြီးတွေမှာတော့ ဆိုရှယ် မီဒီယာ က အဆင်ပြေပေမယ့် ဆက်သွယ်ရေး ခက်ခဲတဲ့နေရာတွေမှာ တော့ ဒီလို မဲဆွယ် တာက သိပ်အလုပ်မဖြစ်ဘူး လို့ ပြောပါတယ်။

ကိုယ်စားလှယ်လောင်း တော်တော် များများ ကတော့ ကိုယ်ပိုင် ဖေ့စ်ဘွတ် ဖွင့် ကိုယ်ပိုင် စာမျက်နှာ တင်ပြီးတော့ ကိုယ့်ပါတီရဲ့ မူဝါဒတွေ၊ ကိုယ့်ကို မဲထည့်သင့်တယ် ဆိုတဲ့ အကြောင်းတွေ ကို လူသိများအောင် လုပ်ကြ ပါတယ်။

ဒီလို လုပ်တဲ့အတွက် စောင့်ထိန်းရမယ့် စည်းမျဉ်း စည်းကမ်း တွေကို ကိုယ်စားလှယ် လောင်းတွေဘက်က လိုက်နာဖို့လို တယ် လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သင်္ကန်းကျွန်း လွှတ်တော် ကိုယ်စားလှယ်လောင်း ကိုနေဘုန်းလတ်က ပြောပါတယ်။

ကိုယ်တိုင် ကိုယ်ကျ သွားရောက် မဲဆွယ်မှု မလုပ်နိုင်တဲ့ နေရာမျိုး မှာ NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က အွန်လိုင်းဗီဒီယို ကနေတဆင့် ဒေသခံ တွေကို မိန့်ခွန်း ဟောပြော တာတွေ ရှိပါတယ်။

ဒါ့အပြင် ပါတီတွေက ဖေ့စ်ဘွတ် စာမျက်နှာ တွေ ဝက်ဆိုက်တွေ ထားပြီး မဲဆွယ် တာတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်နေကြပါတယ်။

လူတိုင်း နီးပါး မိုဘိုင်းလ် ဖုန်းတွေ သုံးလာနေ ကြချိန်မှာ ဒီလိုလုပ်တဲ့အတွက် ကိုယ်စားလှယ် လောင်းတွေကို လူသိများလာ ပိုသတိထား မိလာ ဆုံးဖြတ်လာနိုင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ