ကျောင်းသားတွေကို ဖမ်းပြန်ပြီ

  • 4 နိုဝင်ဘာ 2015
Lin Htet Naing
Image caption ဗကသ ခေါင်းဆောင် ကိုလင်းထက်နိုင်

ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်း ကော်မတီ အလုပ် အမှုဆောင် ကိုလင်းထက်နိုင် ခေါ် ကိုအောင်သန့်ဇင်ဦးကို သတင်း တပ်ဖွဲ့က နိုဝင်ဘာလ ၃ ရက်နေ့မှာ ဖမ်းဆီး သွားခဲ့ ပါတယ်။

ဗကသဥက္ကဋ္ဌ ကိုကျော်ကိုကိုကို ဖမ်းဆီးပြီး တပတ်အတွင်းမှာ အခုလို ထပ်မံ ဖမ်းဆီးသွားတာဖြစ်ပါတယ်။

ကိုလင်းထက်နိုင်နဲ့ ကိုကျော်ကိုကိုတို့ဟာ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ပေးဖို့ တောင်းဆို ချီတက် ဆန္ဒပြခဲ့ကြတဲ့ ပင်မသပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့ကြပြီး ရဲက ဖမ်းဝရမ်းထုတ်ထားသူတွေလည်း ဖြစ်ကြပါတယ်။ ပင်မသပိတ်စစ်ကြောင်းကို ဖြိုခွဲပြီး အဖမ်းဆီးခံခဲ့ရတဲ့ကျောင်းသားတွေနဲ့ ဝန်းရံသူတွေဟာ သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးပြီး ရုံးတင်စစ်ဆေးခံနေရပါတယ်။

အဖမ်းဆီးခံကျောင်းသားခေါင်းဆောင်တွေထဲက ကိုအောင်မှိုင်းဆန်းအပါအဝင် ကျောင်းသားခေါင်းဆောင် ၈ ယောက်တို့ဟာ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရေးကို တောင်းဆိုပြီး အစာငတ်ခံ ဆန္ဒပြနေကြပါတယ်။

အစာ ငတ်ခံ ဆန္ဒပြနေကြ တာကို အားနည်းယုတ်လျော့သွားစေဖို့ အတွက် ကျောင်းသား ခေါင်းဆောင်တွေကို ထပ်မံ ဖမ်းဆီးတာ ဖြစ်နိုင်တယ်လို့ ဗကသများအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ် ကိုအောင်နေပိုင်က ဘီဘီစီကို ပြောပါတယ်။

ရွေးကောက်ပွဲမှာ ပြည်သူတွေ မကျေနပ်တဲ့ ရလဒ်မျိုးထွက်ပေါ်လာခဲ့ရင် ကျောင်းသားတွေက ကန့်ကွက် ဆန္ဒပြမှာ စိုးလို့ ကျောင်းသားတွေကို ဖမ်းတာလို့လည်း ကိုအောင်နေပိုင်က စွပ်စွဲပြောဆိုပါတယ်။

မြန်မာ နိုင်ငံမှာ ရွေးကောက်ပွဲ လုပ်မယ် ဆိုရင် အတိုက်အခံတွေကို ဖမ်းဆီးတာဟာ လုပ်ရိုး လုပ်စဉ် ဖြစ်နေပြီလို့လည်း ကိုအောင်နေပိုင်က ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ