ဗကသ ခေါင်းဆောင် ၂ ဦးကို ရုံးထုတ်

  • 5 နိုဝင်ဘာ 2015
Image caption နိုင်ငံတော် အကြည် အညို ပျက်စေမှု ဆန့်ကျင် တဲ့ အဖွဲ့မှာ ပါဝင်မှုနဲ့ လူစု ခွဲတာကို မနာခံမှု စတဲ့...

အမျိုးသား ပညာရေး ဥပဒေကို ဆန္ဒပြ ရာမှာ ဦးဆောင် ပါဝင် ခဲ့လို့ ဖမ်းဆီး ခံထား ရတဲ့ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗကသ ဗဟို လုပ်ငန်း ကော်မတီ ဥက္ကဌ ကိုကျော်ကျော်ကို နဲ့ အလုပ် အမှုဆောင် ကိုလင်းထက်နိုင် တို့ကို ကြာသပတေး နေ့က ကမာရွတ် တရားရုံးမှာ ပထမဆုံး အကြိမ် ရုံးထုတ်ခဲ့ ပါတယ်။

ဒါပေမယ့်လည်း စပြီး ရုံးထုတ်တာ ဖြစ်လို့ စစ်ဆေး မှုတွေ တော့ မလုပ် ခဲ့ဘူး လို့ ဒီအမှုကို ကျောင်းသားတွေ ဘက်က လိုက်ပါ ဆောင်ရွက် နေတဲ့ ရှေ့နေ ဦးရောဘတ် စန်းအောင်က ပြောပါတယ်။

သူတို့ကို နိုင်ငံတော် အကြည် အညို ပျက်စေမှု ဆန့်ကျင်တဲ့ အဖွဲ့မှာ ပါဝင်မှုနဲ့ လူစု ခွဲတာကို မနာခံမှု စတဲ့ ပြစ်မှု ဆိုင်ရာ ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇ နဲ့ (၅၀၅)ခ စတဲ့ ၄ ခု နဲ့ စွဲချက် တင်ထား တာ ဖြစ်ပါ တယ်။

အရင်တုန်းက ဖမ်းထားတဲ့ ကျောင်းသား တွေ နဲ့ပဲ အမှုတွဲ ပြန်ထည့် လိုက်တယ်လို့ ဦးရောဘတ် စန်းအောင်က ပြောပါတယ်။ ကိုကျော်ကိုကိုဟာ ပြီးခဲ့တဲ့ အပတ်က သင်္ကန်းကျွန်း မြို့နယ် ထဲမှာ အဖမ်း ခံရတာ ဖြစ်ပြီး ကိုလင်းထက်နိုင် ဟာလည်း ရွှေပြည်သာ ကိုသွားတဲ့ ဘတ်စကား ပေါ်မှာ အဖမ်းခံရတာ ဖြစ်ပါတယ်။

လောလော ဆယ်မှာ သူတို့(၂) ဦးလုံးကို အင်းစိန် အကျဉ်းထောင်မှာ ထိန်းသိမ်း ထားပြီး စစ်ဆေး မှုတွေ လုပ်နေတယ်လို့ ကိုကျော်ကိုကိုရဲ့ ဖခင် ဦးကျော်အေးက ပြောပါတယ်။ ဒါ့အပြင် သူတို့(၂)ဦးလုံးကို မြို့နယ် တွေမှာ ခွင့်ပြုချက် မရှိဘဲ စီတန်း လှည့်လည် ခြင်းဆိုင်ရာ ပုဒ်မ (၁၈) နဲ့ ရဲစခန်းတွေက အမှု ဖွင့်ထား ပါတယ်။

ကိုလင်းထက်နိုင်ကိုတော့ ပုဒ်မ(၁၈)အမှုနဲ့ နိုဝင်ဘာလ (၁၁) ရက်နေ့မှာ ရုံးချိန်း ထပ်ရှိမှာ ဖြစ်ပြီး (၂) ယောက်လုံးရဲ့ ရုံးချိန်း ကတော့ နိုဝင်ဘာ လ(၁၉)ရက် နေ့မှာ ထပ်မံ ရုံးထုတ် စစ်ဆေးမှာ ဖြစ်ပါ တယ်ရှင်။