NLD အစိုးရ ဖွဲ့နိုင်ရင် သမ္မတအထက်မှာ သူရှိမယ်လို့ ဒေါ်စုပြော

  • 5 နိုဝင်ဘာ 2015
Daw Aung San Suu Kyi
Image caption ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စိုးရိမ် ကြောင်းလည်း ဒေါ်အောင်ဆန်း စုကြည်ပြောခဲ့

ရွေးကောက်ပွဲ ကျင်းပဖို့ နှစ်ရက်သာ လိုတော့တဲ့ အချိန်မှာ ဒေါ်အောင်ဆန်း စုကြည်က NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရလို့ အစိုးရ ဖွဲ့နိုင်ရင် သမ္မတရဲ့ အထက်မှာ သူရှိမယ်လို့ ဒေါ်အောင်ဆန်း စုကြည်ကပြောလိုက်ပါတယ်။

လက်ရှိအခြေခံ ဥပဒေအရ သမ္မတဟာ နိုင်ငံသားအားလုံးရဲ့ အထွဋ် အထိပ် နေရာမှာ ရှိရမယ် ဆိုတဲ့ အချက်အရ ဒီပြောဆိုမှုကို ထောက်ပြ စရာရှိ ပေမဲ့ ဒေါ်အောင်ဆန်း စုကြည် ကတော့ ဒါဟာ အခြေခံဥပဒေကို ချိုးဖောက်ရာ မကျဘူးလို့ ပြောပါတယ်။

ပြည်တွင်းပြည်ပ သတင်းထောက်တွေ ရာနဲ့ချီပြီး တက်ခဲ့တဲ့ ရန်ကုန်မြို့က နေအိမ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာ ဖြစ်ပြီး NLD အနေနဲ့ ဘယ်သူ့ကို သမတ လောင်း အဖြစ်လျာထားတယ် ဆိုတာကိုတော့ ပြောမသွားခဲ့ ပါဘူး။

မြန်မာ့ နိုင်ငံရေးနဲ့ ရွေးကောက်ပွဲ ကို လေ့လာ စောင့်ကြည့်နေတဲ့ ပြည်သူ့ အရေး ဂျာနယ် အယ်ဒီတာချုပ် ဦးမော်လင်းကတော့ အခြေခံ ဥပဒေမှာ ပြဌာန်း ထားချက်အရ သမ္မတက အစိုးရ အဖွဲ့ရဲ့ အကြီးအကဲ ဆိုတာ ရာထူး အနေနဲ့သာ ရှိနေတာ ဖြစ်ပြီး နိုင်ငံရေး အရ လွှမ်းမိုးမှုကို ပြောမယ်ဆိုရင်တော့ ဒေါ်အောင်ဆန်း စုကြည်က အကြီးအကဲ နေရာမှာ ရှိနေနိုင်တယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ရဲ့ အခု သတင်းစာရှင်းလင်းပွဲ လုပ်တာဟာ ရွေးကောက်ပွဲ မဲဆွယ်မှုတွေ ရပ်တန့်ရမယ့် ရက် မတိုင်ခင် တစ်ရက်မှာ ပြည်သူတွေကို သတင်းစကား ပါးတာ ဖြစ်ပြီး NLD ပါတီ အပြတ်အသတ်နိုင်မှသာ အစိုးရ ဖွဲ့နိုင်မယ်၊ NLD ပါတီကိုပဲ မဲပေးကြပါလို့ ရွေးကောက်ပွဲ မတိုင်ခင် နောက်ဆုံး ပြောတာဖြစ်တယ်လို့ လည်း ဦးမော်လင်းက ပြောပါတယ်။

နိုင်ငံတကာကိုလည်း ဒီရွေးကောက်ပွဲဟာ အရေးကြီးတယ်၊ တရားမျှတ မှန်ကန်တဲ့ ရွေးကောက်ပွဲ ဟုတ်မဟုတ် စောင့်ကြည့်ကြဖို့ ပြောတဲ့ သဘောလည်း ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ