မဲပေးဖို့ အဆင်သင့်ဖြစ်နေကြပြီလား

  • 7 နိုဝင်ဘာ 2015
usdp ဓာတ်ပုံ မူပိုင် AP
Image caption ၆ ရက်နေ့ထိ ပြည်ခိုင်ဖြိုး မဲဆွယ်

နိုဝင်ဘာ ၆ ရက်နေ့မှာ မဲဆွယ်ပွဲ တွေ တရားဝင် ပြီးဆုံးသွားပေမယ့် ရွေးကောက်ပွဲ အကြို လှိုင်းဂယက်တွေ ထနေပါတယ်။

လားရှိုး

လူနည်းစု ကိုယ်စားပြု တိုင်းရင်းသား ရေးရာ ဝန်ကြီး နေရာ အတွက် မဲပေး နိုင်ဖို့ အရေးမှာ ရှမ်းပြည်နယ် ထဲ ပါဝင်နေတဲ့ ကချင် လူမျိုး တွေ အနေနဲ့ အခက်အခဲ တွေ ကြုံတွေ့ နေပါတယ်။

ရှမ်းပြည်နယ် အစိုးရ ရဲ့ ကချင်ရေး ရာ ဝန်ကြီး နေရာ အတွက် မဲစာရင်း ထဲမှာ မပါဝင် ဖြစ်နေကြတဲ့ လားရှိုး မြို့ ခံ ကချင် ဦးရေ အများအပြား ရှိနေတယ် လို့ အဲဒိမှာ ရောက်နေတဲ့ ဘီဘီစီ သတင်း ထောက် က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်နယ် နဲ့ တိုင်း ၁၄ ခု ထဲ မှာ ကချင် တိုင်းရင်းသားရေးရာ ဝန်ကြီး နေရာဟာ ရှမ်းပြည်နယ် တခု ထဲမှာ ရှိနေတာပါ။

ဒါကြောင့်လည်း ရှမ်းပြည်က ကချင် တိုင်းရင်းသား တွေ အနေနဲ့ သူတို့ကို ကိုယ်စားပြုမယ့် တိုင်းရင်းသား ရေးရာ ဝန်ကြီး အတွက် မဲမပေးရမှာကို အတော် စိုးရိမ် နေကြတယ်လို့ ဘီဘီစီ သတင်း ထောက် က ပြောပါတယ်။

ဟင်္သာတ

ဟင်္သာတမြို့ထဲမှာ ပါတီဆိုင်းဘုတ်တွေ အလံတွေ ဗီနိုင်းတွေနဲ့ ကားတွေ ဆိုက်ကားတွေမှာ ကပ်ထားတဲ့ စတစ်ကာတွေ အားလုံးကို ၆ ရက်နေ့ညနေ ကတည်းက ပြန်ဖြုတ်ခဲ့ပြီ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းဟာ မဲဆွယ်ကာလအချိန်တွင်း ပါတီကြီး(၂)ခုရဲ့ အပြန်အလှန်တိုင်ကြားမှုတွေ အများဆုံးရှိခဲ့တဲ့ ဒေသတွေထဲမှာ ပါဝင်ပါတယ်။

ဟင်္သာတ မှာတော့ ရွေးကောက်ပွဲပြီးမှပဲ တိုင်ကြားမှုတွေ ပိုများလာမယ်လို့ ဟင်္သာတခရိုင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမောင်က ပြောပါတယ်။

တကယ်တော့ ဟင်္သာတ မြို့နယ်ဟာ မဲပေးနိုင်သူဦးရေ အများဆုံးရှိတဲ့ မြို့တမြို့ ဖြစ်ပြီး မဲရုံပေါင်း (၁၂၄)ရုံမှာ မဲပေးနိုင်သူဦးရေ (၁)သိန်း (၆)သောင်း နီးပါး ရှိပါတယ်။ တချို့မဲရုံတွေမှာ ဆိုရင်တော့ မဲပေးမယ့်သူဦးရေက (၃)ထောင်ကျော် လောက်အထိရှိပါတယ်။

ဟင်္သာတမြို့ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD နဲ့ လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေး ပါတီ ပါတီ ကြီး(၂)ခုလုံးကို ထောက်ခံသူတွေ အများအပြားရှိတဲ့ မြို့ဖြစ်ပါတယ်။

UDSP ပါတီရဲ့ တွဲဘက် ဥက္ကဋ္ဌ ဦးဌေးဦးကလည်း ဟင်္သာတမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း နေရာအတွက် ဝင်ပြိုင်ဖို့ ရှိနေတာပါ။

မန္တလေး

ဓာတ်ပုံ မူပိုင် AP
Image caption မန္တလေး NLD ထောက်ခံသူ တယောက်

မန္တလေး NLD အမတ်လောင်း ဦးဇာနည်အောင် ကတော့ မဲစာရင်းမှာ တယောက်တည်းနဲ့ မဲစာရင်းမှာ ၅ နေရာလောက်ထိ ပါနေတဲ့ကိစ္စတွေကို ရှင်းပြခဲ့ပါတယ်။

မဲစာရင်းမှာ နာမည်ထပ်တာ မှားနေတာတွေကို အထောက်ထားခိုင်လုံရင် ချက်ချင်းပယ်ဖျက်ပေးမယ်လို့မန္တလေးတိုင်း ကော်မရှင်ဘက်က ပြောပါတယ်။

မဲစာရင်း ၂ခါ ကြေညာတုန်းက လာမစစ်ဘဲ ခုမှနာမည်စာရင်းမပါဘူးလို့ လာပြောတာကိုတော့ လက်ခံတော့မှာ မဟုတ်ဘူးလို့ ကော်မရှင်က ပြောပါတယ်။

ရွေးကောက်ပွဲကို စိတ်ဝင်စားသူ အတော်များများကတော့ မဲဆန္ဒပေးခွင့် သက်သေခံ လက်မှတ်တွေ လက်ဝယ်ရောက်နေကြပါပြီ ။

စိတ်ဝင်စားသူတွေက အဆင်သင့်ဖြစ်ပေမယ့် မဲစာရင်းမပါလို့ မှားနေလို့ဆိုတဲ့ မဲဆန္ဒရှင်တွေကလည်း ဘီဘီစီကို ဆက်သွယ်လာတာတွေရှိပါတယ်။

မဲစာရင်းမှားတာက အထောက်ထားနဲ့ နိုဝင်ဘာ ၇ ရက်နေ့ နောက်ဆုံး သွားပြင်လို့ရနိုင်ပေမယ့် မဲပေးခွင့်စာရင်းမှာ မပါသူတွေကတော့ ဒီရွေးကောက်ပွဲမှာ မဲပေးခွင့် ဆုံးရှုံးသွားပြီဖြစ်ပါတယ် ။

စင်္ကာပူ

စင်္ကာပူ နိုင်ငံ ကနေ မဲပေးဖို့ လေယာဉ် ခရီး နဲ့ ပြန်လာ နေကြတဲ့ မြန်မာ နိုင်ငံသားတွေ ရာ နဲ့ချီ ပြီး ရှိနေ ကြပါတယ်။

“Fly to Vote” မဲပေးမယ့် အတွက် ပျံသန်း ကြမယ် ဆိုတဲ့ ကြွေးကျော်သံ နဲ့ စည်းရုံး ဆော်ဩ မှု တွေ ပြုလုပ် ခဲ့ကြပြီး အိမ် အပြန် ခရီး မှာ လေယာဉ် တစင်းလုံးလိုလိုဟာ မြန်မာ တွေ ချည်းပဲ ဖြစ်နေတယ် လို့ ဦးဆောင် ဆော်ဩ ခဲ့သူ တဦး က ဘီဘီစီ ကို ပြောပါတယ်။

ထိုင်း နိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း လုပ်သား တွေ ကတော့ မဲပေး ရေးဟာ ဘဝ ရှင်သန် ရပ်တည် ရရေး ထက် မကျော်လွန် နိုင် ဖြစ် နေကြ ရပါတယ်။

သူဌေး က ခွင့် မပြုလို့ အိမ်ပြန် မဲ မပေး နိုင်ကြ သူတွေ၊ ဝမ်းရေး အတွက် ဦးစား ပေး နေရသူတွေ အများအပြား ရှိနေတယ် လို့ ထိုင်း နိုင်ငံ အခြေစိုက် ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

ဂျီနီဗာ

ရွေးကောက်ပွဲ ကို တရားမျှမျှတ ရှိအောင် ကျင်း ပကြဖို့နဲ့ ပွင့်လင်း မြင်သာမှု ရှိအောင် ပြုလုပ် ကြဖို့ အနောက်နိုင်ငံ တွေ က မြန်မာ အာဏာပိုင် တွေကို တောင်းဆို လိုက် ပါတယ်။

ဂျီနီဗာ မြို့ မှာ ၆ ရက်နေ့ က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ ရဲ့ လူ့ အခွင့်အရေး ဆိုင်ရာ ကောင်စီ ရဲ့ အစည်းအဝေး မှာ အခုလို တိုက်တွန်း ခဲ့တာ ဖြစ်ပါတယ်။

ရိုဟင်ဂျာ မွတ်ဆလင် တွေ ရဲ့ နိုင်ငံသား ဖြစ်ခွင့် အပါအဝင် လူ့ အခွင့် အရေး အခြေ အနေတွေကို ပိုပြီး အာမခံ နိုင်တဲ့ အခြေ အနေ မျိုး ဖြစ်ပေါ် လာအောင် အခု ကျင်းပမယ့် ရွေးကောက်ပွဲ က လမ်းခင်း ပေးပါ ဆိုပြီးတော့လည်း နိုင်ငံတကာ ခေါင်းဆောင် တွေက ပြောပါတယ်။

အဲဒိ အစည်းအဝေး ကို တက်ရောက် နေတဲ့ မြန်မာ ရှေ့နေချုပ် ဒေါက်တာ ထွန်းရှင် ကတော့ မြန်မာ နိုင်ငံ အနေနဲ့ ဒီမို ကရေစီ အသွင် ကူးပြောင်းစ တခြား နိုင်ငံ တွေ လိုပဲ စိန် ခေါ်မှု တွေ ကြုံတွေ့ နေရ ပေမယ့် တတ်စွမ်း သလောက် ကြိုးစား နေပါတယ် ဆိုပြီး တုံ့ပြန် ခဲ့ပါတယ်။