မဲဆွယ်ကာလ နောက်ဆုံးရက် ရောက်ပြီ

  • 6 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် AP
Image caption သမိုင်းဝင် ရွေးကောက်ပွဲအတွက် မဲစာရင်း စစ်နေသူ တစ်ဦး။

နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် သမိုင်းဝင် ရွေးကောက်ပွဲ အတွက် ဒီကနေ့ နိုဝင်ဘာ ၆ ရက်နေ့ဟာ မဲဆွယ် စည်းရုံးတဲ့ ကာလ နောက်ဆုံးနေ့ ဖြစ်ပါတယ်။

လက်ရှိ အာဏာရ ပါတီ ဖြစ်တဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီနဲ့ အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီတို့ ရွေးကောက်ပွဲမှာ အဓိက ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက မဲဆွယ် စည်းရုံးပွဲတွေ ရပ်နားလိုက်ပြီ ဖြစ်ပြီး ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက တော့ ရန်ကုန် သုဝဏ္ဏမြို့နယ်မှာ နောက်ဆုံး မဲဆွယ် စည်းရုံးမှုတွေ ပြုလုပ် ခဲ့ပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဖြစ်ပိုင်ခွင့် မရှိသူ ဖြစ်ပါတယ်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ရန်ကုန် မြို့က ဗြိတိသျှ သံအမတ်အကြီး အင်ဒရူး ပက်ထရစ်က သူ့ရဲ့ အမြင်ကို ပြောရာမှာ ဒီရွေးကောက်ပွဲဟာ အလွန်ပဲ အရေးကြီးကြောင်း၊ နိုင်ငံ ပြုပြင် ပြောင်းလဲရေး လမ်းကြောင်းမှာ သမိုင်း မှတ်တိုင် တစ်ခုလည်း ဖြစ်ကြောင်း၊ နောက် ပေါ်ပေါက်လာမယ့် အစိုးရသစ်ကို အသိအမှတ်ပြုမှု၊ အစိုးရသစ်နဲ့ အစိုးရ ဟောင်းတို့ အကြား အာဏာ လွှဲပြောင်းရေး လုပ်ငန်းစဉ်ဟာလည်း အလွန် အရေးကြီးကြောင်း ပြောကြား သွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ