သေးငယ်ပေမယ့် အရေးပါတဲ့ မြို့တစ်မြို့

  • 7 နိုဝင်ဘာ 2015

မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ် အချက်အချာဒေသက သာမန်ဈေးမြို့ကလေး တမြို့ဟာ မယုံနိုင်စရာကောင်းလောက်အောင် အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် နိုင်ငံရေး စစ်မြေပြင် တစ်ခုအသွင် ဖြစ်လာနေတယ် ဆိုပြီး ဘန်ကောက် ဘီဘီစီ သတင်းထောက် Jonathan Head က ဟင်္သတမြို့အကြောင်းကို အခုလို ရေးသားထားပါတယ်။ သူဟာ နိုဝင်ဘာ ၈ ရက်နေ့မှာ ပြုလုပ်တော့မယ် ရွေးကောက်ပွဲမှာ ဟင်္သတမြို့ကနေ ဝင်ရောက်အရွေးခံမယ့် ပုဂ္ဂိုလ်တစ်ဦးနောက် လိုက်ပြီး သတင်းထောက်လှမ်းခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Andre Malerba
Image caption ဟင်္သာတမြို့ ဘုရားမှာ ဝတ်ပြုဆုတောင်းနေသူ တစ်ဦး။

ရွှေဝါရောင်သန်းနေတဲ့ စပါးခင်းတွေ အလွန်မှာ အေးဆေးတည်ငြိမ်စွာ စီးဆင်းနေတဲ့ ဧရာဝတီမြစ်ကြီးက မြစ်ဝကျွန်းပေါ်ဒေသရှိ ရွာတွေရဲ့ တိုးတက်မှု နှေးကွေးနေတဲ့ပုံရိပ်ကို ပေါ်လွင် ထင်ဟပ်စေပါတယ်။

ဓာတ်ပုံ မူပိုင် Andre Malerba
Image caption ရန်ကုန်မြို့လို အပြောင်းအလဲတွေ ဟင်္သာတမှာ မတွေ့ရ။

လွန်ခဲ့တဲ့ ၅ နှစ်၊ စစ်တပ်က အာဏာချုပ်ကိုင်ထားတာကို လျှော့ပေးလိုက်ချိန်ကတည်းက စီးပွားရေးအရ မကြုံစဖူး အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့တာကို မြို့တော်ရန်ကုန်မှာ အများဆုံး တွေ့မြင်နိုင်ပါတယ်။ လယ်ယာလုပ်ငန်းနဲ့ အသက်မွေးကျောင်း လုပ်သူတွေရဲ့ဘဝကတော့ ပြောင်းလဲမှု သိပ်မတွေ့ရဘဲ မြန်မာ့စီးပွားရေး ပွင့်လင်းလာမှုဟာ သူတို့အတွက် အဓိပ္ပါယ်မရှိသလို ဖြစ်နေပါတယ်။

ဟင်္သတမြို့ဟာ သမရိုးကျ စိုက်ပျိုးရေး လုပ်ကိုင် ရောင်းဝယ်တဲ့ မြို့ဖြစ်ပါတယ်။ ဧရာဝတီမြစ်အတွင်း ရန်ကုန်ကနေ မန္တလေးကို သွားတဲ့ သင်္ဘောတွေ တထောက် ရပ်နားရာနေရာဖြစ်သလို အဓိက ဆန်တင်ပို့ရောင်းချတဲ့ အချက်အချာမြို့လည်း ဖြစ်ပါတယ်။ ဧရာဝတီရဲ့ မြစ်လက်တက်တွေ မြစ်ဝကျွန်းပေါ်ဘက်ကို ဖြာထွက်စီးဆင်းရာ နေရာမှာ မြို့တည်ရှိပြီး ကမ်းရိုးတန်းနဲ့ ဝေးကွာတဲ့အတွက် ၂၀၀၈ ခုနှစ်တုန်းက နာဂစ်မုန်တိုင်းဒဏ် အပြင်းအထန် မခံခဲ့ရပေမယ့် ရာသီအလျောက် ဖြစ်တဲ့ ရေကြီးရေလျှံမှုတွေကိုတော့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

Image caption ဟင်္သာတ မြစ်ဝကျွန်းပေါ် ဒေသ။

ဒါပေမယ့် အခုတော့ ဟင်္သတ ဇာတိသား တစ်ဦးဖြစ်တဲ့ နိုင်ငံရေးအရ ထင်ရှားသူ ဦးဌေးဦး ဆိုသူတစ်ယောက်ကြောင့် ဟင်္သတမြို့လေးဟာ သာမန်ထက်ပိုပြီး အရေးပါလာပြီ ဖြစ်ပါတယ်။ ဦးဌေးဦးဟာ ဗိုလ်ချုပ်ဟောင်း တစ်ဦးဖြစ်ပြီး တိုင်းပြည်ကို တခါက အုပ်ချုပ်ခဲ့သူ စစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေရဲ့ လူယုံတော်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက သူရ ဦးရွှေမန်း ရုတ်တရက် ရာထူးက ဖယ်ရှားခံလိုက်ရပြီးတဲ့နောက် ဦးဌေးဦးဟာ အခုဆို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ လက်ရှိခေါင်းဆောင်တဦး ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Andre Malerba
Image caption ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ မဲဆွယ်စည်းရုံးပွဲ။

သူဟာ လူသိထင်ရှားသူတစ်ဦး မဟုတ်တာကြောင့် အခုချိန်အထိ ပြည်ပမှာ လူသိနည်းသူ ဖြစ်ပေမယ့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့အတူ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ရာထူးကြီး ခေါင်းဆောင်တစ်ယေက်လည်း ဖြစ်ပါတယ်။ သူ့ပါတီအနိုင်ရရှိပြီး အစိုးရဖွဲ့နိုင်ရေးအတွက် အခု သီတင်းပတ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဦးဌေးဦးဟာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိဖို့ လိုအပ်ပါတယ်။

ဓာတ်ပုံ မူပိုင် Andre Malerba
Image caption ဒီတခါ ရွေးကောက်ပွဲမှာ ဦးဌေးဦး တကယ်ယှဉ်ပြိုင်ရတော့မယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာတုန်းကတော့ ဦးဌေးဦးက မဲအရေအတွက် ၈၀ ရာခိုင်နှုန်းနဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့်အဲဒီအချိန်ုတုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အန်အယ်လ်ဒီပါတီ ဝင်ရောက် မယှဉ်ပြိုင်တဲ့အတွက် ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အဓိက ယှဉ်ပြိုင်ဘက် မရှိခဲ့ပါဘူး။ အခုအကြိမ်မှာတော့ ဦးဌေးဦးဟာ တိုက်ပွဲဝင်ရတော့မှာ ဖြစ်ပါတယ်။

အနီရောင်အလံမှာ အဝါရောင် ခွပ်ဒေါင်းနဲ့ ကြယ်ဖြူတပွင့်ပါရှိတဲ့ အန်အယ်လ်ဒီ ပါတီရဲ့အလံကို ဟင်္သတမြို့နေရာအနှံ့က လမ်းမတွေပေါ်မှာ တွေ့ရသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူပုံအရွယ်ရှိ ဓာတ်ပုံတွေကိုလည်း တွေ့မြင်နိုင်ပါတယ်။

Image caption အထည်ဆိုင်ပိုင်ရှင် မိသားစုကတော့ အနီရောင်ပါပဲတဲ့။

ဟင်္သတမြို့က အဝတ်အထည် ရောင်းတဲ့ ဦးမြင့်သိန်း ဆိုသူရဲ့ဆိုင်နံရံ တဘက်တချက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကြီး ၂ ပုံကို တွေ့မြင်နိုင်ပြီး ဆိုင်အတွင်းမှာတော့ မင်္ဂလာဆောင်ဝတ်စုံ လာဝယ်ကြတဲ့ သတိုးသမီးပျိုလေးတွေကို တွေ့ရှိရပါတယ်။ ဦးမြင့်သိန်းရဲ့ ဇနီးနဲ့ ဝန်ထမ်းတွေကတော့ အန်အယ်လ်ဒီ အရောင်ဖြစ်တဲ့ အနီရောင်ကို ဂုဏ်ယူဝင့်ကြွားစွာ ဝတ်ဆင်ထားကြပါတယ်။

ဦးမြင့်သိန်းက အစိုးရအပေါ် မကျေနပ်ချက်တွေကို ပြောပြနေပါတယ်။ မြန်မာနိုင်ငံမှာ ပုဂ္ဂလိက မြေယာပိုင်ဆိုင်ခွင့်ကို စစ်တပ်က ပိတ်ပင်တားမြစ်ခဲ့တဲ့အတွက် ပြသနာဖြစ်ပွားခဲ့ပါတယ်။ ဒီလို မြေသိမ်းခံရမှု အပါအဝင် အစိုးရနဲ့ ပတ်သက်တဲ့ အုပ်စုတွေက စပါးကြိတ်ခွဲမှုနဲ့ အရောင်းအဝယ်တွေအပေါ် လက်ဝါးကြီးအုပ် လုပ်ကိုင်ခဲ့ပုံတွေကိုလည်း သူက ပြန်ပြောပြခဲ့ပါတယ်။

အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေဟာ ဟန်ဆောင် ပြောင်းလဲပြနေတာလို့ ဦးမြင့်သိန်းက ပြောဆိုပြီး အခု ကျေးလက်ဒေသတွေမှာ သူတို့ပြောတဲ့ တိုးတက်မှုဆိုတာ ဟန်ဆောင် လုပ်ပြနေတာ ကျနော်တို့တွေ့နေရတယ်၊ လူတွေက ဆင်းရဲနွမ်းပါးမှုနဲ့ ရင်ဆိုင်နေရပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ကန့်သတ်ခံနေရတယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Jonathan Head
Image caption အန်အယ်လ်ဒီကို အားပေးထောက်ခံကြသူတွေ။

မြို့လယ်တလျှောက် လမ်းလျှောက်ပြီး ဈေးဆိုင်ပိုင်ရှင်တွေနဲ့ စကားပြောကြည့်တော့ ဆိုင်ပိုင်ရှင်ဖြစ်သူ တစ်ဦးကပဲ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို မဲပေးမယ်လို့ ပြောဆိုတာ ရှိပါတယ်။

သတ္တုသံထည် လုပ်ငန်း အလုပ်ရုံပိုင်ရှင်ဖြစ်တဲ့ မြို့ခံမွတ်စလင် မိသားစုကတော့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) က မကြာခင် ပြုလုပ်ဖို့ စီစဉ်ထားတဲ့ မွတ်စလင်တွေအပေါ် ကန့်သတ်ချက်တွေ နဲ့ပတ်သက်ပြီး လူထု စည်းရုံးလှုပ်ရှားမှုကြီး လုပ်မှာကို စိုးရိမ်ပူပန်မိတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ မွတ်စလင် လူဦးရေ အနည်းဆုံး ၅ ရာခိုင်နှုန်းခန့် ရှိပေမယ့် မဘသ ရဲ့ ဖိအားပေးမှုကြောင့် အဓိက နိုင်ငံရေးပါတီကြီး ၂ ခုစလုံးမှာ ပါတီကိုယ်စားပြု မွတ်စလင် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း တစ်ဦးမှ ပါဝင်တာ မတွေ့ရှိရပါဘူး။

ဘယ်ပါတီကို မဲပေးမလဲလို့ မေးတဲ့အခါမှာတော့ ဦးမောင်မောင်ဝင်းက သူ အန်အယ်လ်ဒီကို ပေးမှာဖြစ်ကြောင်း၊ ဘာလို့လဲဆိုတော့ သူ ဒေါ်စုကို ယုံကြည်လို့ဖြစ်ကြောင်း ပြောဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Andre Malerba
Image caption ဟင်္သာတ ပြည်သူတွေ ဘယ်သူ့ကို မဲပေးမယ်ဆိုတာ ပြောရခက်။

ဒါပေမယ့် ဒီမှာ အန်အယ်လ်ဒီပါတီရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်အကြောင်း ဘယ်သူမှ ပြောဆိုတာမျိုးမရှိဘဲ တချို့ဆို အဲဒီ လူ ဘယ်သူဆိုတာတောင် မသိရှိကြပါဘူး။ အဲဒီ ကိုယ်စားလှယ်လောင်းဟာ ၁၉၇၀ ခုနှစ်အလွန် ကာလတွေအတွင်း ကျောင်းသားဘဝမှာ စစ်အစိုးရ ဆန့်ကျင်လှုပ်ရှားသူ တဦးဖြစ်တယ်လို့ ဆိုကြပါတယ်။ ပြတ်သားမှုမရှိတဲ့ အန်အယ်လ်ဒီရဲ့ မူဝါဒနဲ့ ပတ်သက်လို့လည်း ဖော်ပြသူ မရှိကြပါဘူး။ မြန်မာနိုင်ငံက တခြားနေရာတွေမှာလိုပဲ ဟင်္သာတမှာလည်း အန်အယ်လ်ဒီပါတီက ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးရွေးချယ်ဖို့ အတွက်သာ လှုံ့ဆော်စည်းရုံးနေကြတာ တွေ့ရပါတယ်။

သူတို့ရဲ့ တင်ပြချက်တွေက မျှော်လင့်ချက်နဲ့ အပြောင်းအလဲ အတွက်သာ ဖြစ်ပြီး အသေးစိတ်ကတော့ အနည်းအကျဉ်းလောက်ပဲ ပါရှိပါတယ်။

အန်အယ်လ်ဒီရဲ့လူထုစည်းရုံးလှုံ့ဆော်ပွဲမှာ ပတ်ဝန်းကျင်ရွာတွေက ပါတီကို အားပေးထောက်ခံသူတွေက ထရတ်ကားတွေနဲ့ စုဝေးရောက်ရှိလာကြပြီး ကြွေးကြော်သံတွေ ဟစ်ကြွေး၊ ကခုန်ပြီး တေးသီချင်း သီဆိုသံတွေနဲ့ လျှံထွက်ခဲ့ပါတယ်။ ပြင်းပြတဲ့ အကောင်းမြင်မှုတွေနဲ့ တက်ကြွနေကြတာ မြင်တွေ့ရပါတယ်။ သူတို့မျှော်လင့်သလို မဖြစ်လာရင် စိတ်ပျက်အားလျော့မှုတွေနဲ့ ကြုံရနိုင်ပါတယ်။

အန်အယ်လ်ဒီ ရွေးကောက်ပွဲ စည်းရုံးမှု အခမ်းအနားအပြီး နောက်တနေ့မှာ ကျေးလက်ဒေသဘက်ကို သွားရောက်ဖို့ ပြင်ဆင်နေကြတဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် အဖွဲ့ဝင်တွေကတော့ အန်အယ်လ်ဒီရဲ့ လှုပ်ရှားမှုကြောင့် စိတ်ပျက်အားငယ်ပုံ မတွေ့ရပါဘူး။

သူတို့က ကျီးတွေလိုပဲ အမြဲတန်းဆူညံနေတာပဲ။ ကျနော်တို့ကတော့ ခိုတွေနဲ့တူတယ်၊ လူတွေကို အနှောင့်အယှက်ပေးဖို့၊ စိတ်လှုပ်ရှားအောင်လုပ်ဖို့ မကြိုးစားဘူးလို့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်တွေက ပြောပါတယ်။

ဦးဌေးဦးက မြို့အစွန်အဖျားမှာရှိတဲ့ ရွာနှစ်ရွာကို သွားပြီး မိန့်ခွန်းပြောကြားရာမှာတော့ အစိမ်းရောင် ပါတီ တီရှပ်ဆင်တူ ဝတ်ထားတဲ့ နားထောင်သူတွေက အိပ်ငိုက်နေတာကို တွေ့ခဲ့ရပါတယ်။

ဦးဌေးဦးက ဒေါ်အောင်ဆန်းစုကြည်ကို ရည်စူးပြီး အနည်းငယ် ထေ့ငေါ့ပြောဆိုခဲ့ပါတယ်။ ရုပ်ရေ ချောမောလှပတဲ့ မင်းသမီးရဲ့ အယုံသွင်းပြောဆိုတာ မခံကြဖို့ သူ့ပရိတ်သတ်တွေကို ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Andre Malerba
Image caption မြို့ခံတွေရဲ့ အသက်သွေးကြော ဧရာဝတီ။

ဒါ့အပြင် ဖြစ်ပေါ်နေတဲ့ တိုးတက်မှုတွေကို အတွေ့အကြုံမရှိသေးတဲ့ ပါတီအပေါ် အရဲစွန့်ပြီး စိတ်ချလက်ချ ပုံမအပ်ကြဖို့ အတွက်လည်း လယ်သမားတွေကို သတိပေးပြောကြားခဲ့ပါတယ်။ တည်ငြိမ်မှုနဲ့ စည်းလုံးညီညွတ်မှုအတွက် အာမခံချက်ပေးနိုင်ပြီး အာဏာနဲ့ ငွေကြေးရှိတဲ့ ပါတီကသာ တိုးတက်မှုအတွက် ဂတိပေးနိုင်တယ်လို့လည်း ဆိုပါတယ်။

အန်အယ်လ်ဒီက လူသိများတာ မှန်ပါတယ်။ ဒါပေမယ့် ပြည်သူတွေက ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို မဲပေးသင့်တယ်။ ဘာကြောင့်လည်း ဆိုတော့ ရွေးကောက်ပွဲဝင်တဲ့ ကျနော်တို့ပါတီ ကိုယ်စားလှယ်တွေ အားလုံးဟာ တိုင်းပြည်ဖွံဖြိုးရေးမှာ လုပ်ဆောင်ခဲ့ကြတဲ့ မှတ်တမ်းကောင်းတွေ ရှိကြလို့ပါ ဆိုပြီး ဦးဌေးဦးက ပြောကြားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ သူက ဘာသာရေး အခမ်းအနားတခုအတွက် ရွာတရွာမှာ ငွေကြေးထောက်ပံ့ ကူညီခဲ့ပါသေးတယ်။ သူပြန်သွားပြီးတဲ့နောက်မှာတော့ ရွာသားတွေက သူ့ပါတီကို ထောက်ခံဖို့ဆိုတာ ပြောစရာမလိုဘဲ ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Andre Malerba
Image caption ရေကြီးရေလျှံမှုတွေကိုတော့ ရင်ဆိုင်နေရဆဲ။

ပြည်သူတွေကို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အရဲမစွန့်ကြဖို့ ဦးဌေးဦးက သတိပေးပြောကြားလိုက်တာဟာ အန္တရာယ်တစုံတရာ ကျရောက်တဲ့အခါ အားကိုးစရာမရှိတဲ့ ရွာတွေအပေါ်မှာ သက်ရောက်မှု ရှိနိုင်ပါတယ်။ အခုလောလောဆယ်မှာကို ဟင်္သာတမှာ မိုးရာသီ ရေကြီးတဲ့အတွက် အစိုးရရဲ့ အကူအညီလိုအပ်နေတာ ဖြစ်ပါတယ်။

Image caption ဒေါ်စုက ဆင်းရဲသားတွေကို ကူညီမယ်ဆိုတာ သူယုံကြည်။

ကျနော်တို့ ဟင်္သတာက အပြန်မှာတော့ ကောက်ရိတ်သိမ်းချိန်ဖြစ်တဲ့အတွက် လယ်သမားတွေ စပါးရိတ်သိမ်းနေတာ တွေ့ရပါတယ်။ တချို့က လယ်ထွန်စက် အသေးစားလေးတွေ သုံးကြပေမယ့် အများစုကတော့ ရှေးရိုးအစဉ်အလာဖြစ်တဲ့ လက်ကိုင် တံစဉ်တွေကိုသာ အသုံးပြုကြပါတယ်။ ဒေါ်မြင့်တင်ဆိုသူ အမျိုးသမီးနဲ့ သူ့ရဲ့ခင်ပွန်းတို့ ပြောပြချက်အရ သူတို့ဟာ ကိုယ်ပိုင်လယ်မြေ မရှိတဲ့အတွက် အငှားကောက်ရိတ်သူတွေဖြစ်ပြီး တနေ့လုံးလုပ်မှ ၄ ဒေါ်လာ ပတ်ဝန်းကျင်ပဲ ရကြတယ်လို့ သိရပါတယ်။

ဓာတ်ပုံ မူပိုင် Andre Malerba
Image caption လယ်သမားတွေအတွက် ကတော့ စိုက်ပျိုးရေး အရေးကြီး။

သူတို့ကို ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မေးကြည့်တဲ့အခါမှာတော့ ဒေါ်မြင့်တင်က သူ အန်အယ်လ်ဒီကို မဲပေးမှာဖြစ်တယ်၊ ဒေါ်စုက ဆင်းရဲသားတွေကို တကယ်ကူညီမယ်ဆိုတာ သူယုံကြည်တယ်လို့ ပြောပါတယ်။

လွတ်လပ်စွာ မဲပေးနိုင်ခွင့် အစဉ်အလာနဲ့ လူထုသဘောထား စစ်တမ်း မှတ်တမ်းမှတ်ရာတွေ မရှိခဲ့တဲ့အတွက် ဟင်္သတပြည်သူတွေ ဘယ်သူကို မဲပေးမယ်ဆိုတာ ခန့်မှန်းရခက်လှပါတယ်။ တခြား ပါတီတွေလည်း ရှိပေမယ့် အဓိက ကျတာကတော့ ပါတီကြီးနှစ်ခုရဲ့ ယှဉ်ပြိုင်မှု ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Andre Malerba
Image caption ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးအပြီးမှာ အာရုံပြုဆုတောင်းခဲ့။

နှစ်ပေါင်းများစွာ စစ်ခေါင်းဆောင်တွေ ပြောဆိုတဲ့အတိုင်း လိုက်နာခဲ့ကြသူတွေ အနေနဲ့ အန်အယ်လ်ဒီကို ယုံယုံကြည်ကြည်နဲ့ မဲပေးကြမလား၊ သူတို့ ခံယူချက်အတိုင်း ဆက်ရပ်တည်ကြမလား ဆိုတာ မေးစရာဖြစ်နေပါတယ်။