ရွေးကောက်ပွဲ မဲရလဒ်တွေ စတင်ထွက်ပေါ်လာ

  • 8 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption မဲပေးဖို့ တန်းစီစောင့်နေကြ။

မန္တလေးမြို့မှာ မနက်ပိုင်း မဲပေးရာမှာ အေးဆေးပေမယ့် ညနေပိုင်းမှာ လိုက်ထရပ်ကား ၆ စီးနဲ့ မဲလာပေးတဲ့ မြို့ဝင်မြို့ထွက် ဂိတ်ဝန်ထမ်းတွေကို မသင်္ကာလို့ စစ်ဆေးပြီး မဲပေးခွင့် ရုပ်သိမ်းလိုက်ပါတယ်။

မန္တလေးမြို့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ရုံးစိုက်တဲ့ အောင်မြေသာစံမြို့နယ်က နန်းတွင်းထဲ့ရှိ မဲရုံ ၁၄ ရုံအနက် ၅ ရုံရေတွက်ခဲ့တာမှာ တိုင်းဒေသကြီး လွှတ်တော်အတွက် တသီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်တဲ့ နေပြည်တော်ကောင်စီဝင် မန္တလေးမြို့တော်ဝန်ဟောင်း အငြိမ်းစား ဗိုလ်မှူးကြီး ဖုန်းဇော်ဟန်က အပြတ်အသတ်နိုင်သွားပြီး အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် အတွက်ကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ကိုယ်စားလှယ်တွေက နိုင်နေပါတယ်။

ဒါပေမယ့် တပ်အပြင်ဘက် လူနေရပ်ကွက်တွေရဲ့ ရလဒ်တွေသိမှ ဘယ်ပါတီရဲ့ ကိုယ်စားလှယ်က နိုင်မယ်ဆိုတာ ဆုံးဖြတ်လို့ ရမှာဖြစ်ပါတယ်။

ရန်ကုန်မြို့မှာလည်း မဲတွေ စတင်ရေတွက် နေပြီဖြစ်ပြီး ချင်းပြည်နယ်ဘက်မှာတော့ ညနေ ၆ နာရီခွဲအထိ မဲရေတွက်ပြီးသလောက်မှာ အန်အယ်လ်ဒီက မဲအနိုင်ရနေပါတယ်။