ကြိုတင်မဲ ယူရာမှာ မသမာမှုတွေ ရှိနေတယ်လို့ NLD ပြော

  • 8 နိုဝင်ဘာ 2015
myanmar ဓာတ်ပုံ မူပိုင် AP
Image caption တရားဝင် မဲရလဒ် မထွက်သေးပေမယ့် နေရာ အတော်များများမှာ NLD အနိုင်ရထား

၂၀၁၅ ရွေးကောက်ပွဲဟာ ယေဘူယျ အားဖြင့် အေးအေးချမ်းချမ်း ပြီးဆုံးသွားခဲ့ပါပြီ။

ဒါပေမယ့် ၂၀၁၅ရွေးကောက်ပွဲ ကြိုတင်မဲ ယူရာမှာ ဥပဒေနဲ့ မညီတဲ့ လုပ်ရပ်တွေ ပေါ်ပေါက်နေတယ်လို့ ကြားသိရတဲ့အတွက် ဒီလုပ်ရပ်တွေအပေါ် ဥပဒေအရ အရေးယူ ဆောင်ရွက် သွားမယ်လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲနေ့မှာပဲ အရေးပေါ် ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ပုသိမ်မြို့နယ် ကျေးရွာတခုမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ က အိမ်တိုင်းစေ့ ငွေတသိန်း ချေးပေးနေပြီး သူတို့ ပါတီ နိုင်ရင် ပြန်ဆပ်စရာ မလိုဘူးလို့ ပြောခဲ့တယ် ဆိုတဲ့ သတင်းကို ရနေကြောင်း၊ ဒီကိစ္စကို NLD က စုံစမ်း စစ်ဆေးနေပြီး ဒီသတင်းမှန်ပါက ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမယ်လို့ အဲဒီ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာလည်း တိုင်းရင်းသား လက်နက်ကိုင်တွေ ရှိတဲ့ ဒေသတွေမှာ လက်နက်ကိုင်တွေက သူတို့ နှစ်သက်တဲ့ ပါတီကိုပဲ မဲပေးကြဖို့ ဒေသခံတွေကို ဖိအားပေးတာတွေ ရှိတယ်လို့ ဒေသခံတချို့က ဘီဘီစီကို ပြောပြပါတယ်။

ရှမ်းပြည်နယ်က မြို့နယ် အတော်များများမှာ အမျိုးသား လွှတ်တော်မှာ ထည့်ရမယ့် မဲစာရွက်တွေကို တိုင်းရင်းသား ရေးရာ ဝန်ကြီး မဲပုံးမှာ မှားထည့်တာမျိုးလို အမှားအယွင်းတွေ တော်တော်များများ ရှိခဲ့တယ်လို့ လည်း ပြောပါတယ်။

မန္တလေးမြို့ မဟာအောင်မြေ အပိုင်း၁ မဲရုံနံပတ် ၅မှာလည်း လိုက်ထရပ်ကား ၆စီးနဲ့ မြို့ဝင် မြို့ထွက်ဂိတ် ဝန်ထမ်း တရာလောက် အုပ်စုလိုက် မဲလာပေးတာကို ရွေးကောက်ပွဲ စောင့်ကြည့်သူတွေနဲ့ ပြည်သူတွေက မသင်္ကာလို့ တားဆီးခဲ့ရာကနေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့အပြီးမှာ လူ ၆၀လောက်ကို မဲပေးခွင့် ရုတ်သိမ်းခဲ့ပါတယ်။

ဒီဖြစ်စဉ်ကို စောင့်ကြည့်နေသူတွေကတော့ အုပ်စုလိုက် မဲလာပေးသူတွေဟာ ဒီနယ်မြေမှာ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း တဦးနဲ့ ဆက်စပ်မှု ရှိနိုင်တယ် ဆိုပြီး စွပ်စွဲ ပြောဆိုမှုတွေ ရှိနေပါတယ်။

ဒါနဲ့ ပတ်သက်လို့ သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။

အခုအခါ မဲရလဒ်တွေ စတင် ရေတွက်နေပြီ ဖြစ်ရာမှာ နောက်ဆုံး ရေတွက်ပြီးသွားတဲ့ မဲရလဒ်တွေအရ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နေရာ အများအပြားမှာ အနိုင်ရထားတယ်လို့ NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။