ရွေးကောက်ပွဲ မကျေနပ်တာတွေ တိုင်နိုင်

  • 9 နိုဝင်ဘာ 2015
tin_aye ဓာတ်ပုံ မူပိုင် AP

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တခြား နိုင်ငံတွေထက် မဲရလဒ်တွေကို မြန်အောင် ၂ပတ်အတွင်း အပြီး ကြေညာပေးမယ် လို့ ပြောပါတယ်။

ရွေးကောက်ပွဲ စည်းမျဉ်း စည်းကမ်းတွေကို ချိုးဖောက်တဲ့ ဖြစ်စဉ်တွေကို ၁၅ ရက် အတွင်း တိုင်ကြားရင် စုံစမ်း စစ်ဆေးအရေးယူမယ် လို့လည်း သတင်း မီဒီယာတွေကို ပြောခဲ့ပါတယ်။

ပြီးသွားတဲ့ ရွေးကောက်ပွဲ မှာ မဲလက်မှတ် မှားပေး အယောင်ဆောင် မဲပေးခြင်း၊ တရားမဝင် မဲဆွယ်မှု ၊ မဲစာရင်း မပါဘဲ မဲပေးမှု၊ မဲရုံမှူး လက်မှတ် မပါမှု စတဲ့ ကိစ္စ တွေကို ၁၅ ရက် အတွင်း သေချာ ဂဃနဏ ဖြစ်စဉ်နဲ့ တကွ တိုင်ကြားပေးပါ လို့လည်း ဆိုပါတယ်။

တနင်္လာ နေ့ ညနေက ရွေးကောက်ပွဲ ရလဒ် ကြေညာတဲ့ မီဒီယာ စင်တာ ကို နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ရုံးမှာ ဖွင့်လှစ် ခဲ့ပါတယ်။

ရွေးကောက်ပွဲ ရလဒ်ကို တနေ့ ၆ ကြိမ် ကြေညာပေးမယ် လို့ သိရပါတယ်။ ရန်ကုန်တိုင်းက ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၁၂ နေရာ၊ တိုင်းဒေသကြီး ၂၄ နေရာ စုစုပေါင်း ၃၆ နေရာရဲ့ မဲရလဒ်တွေကို ပထမဆုံးအကြိမ် ကြေညာခဲ့ပါတယ်။

ညနေ ၆နာရီထိ မဲရလဒ် ကြေညာပြီး သွားရာမှာ ကမာရွတ်၊ ဒဂုံ၊ ဒေါပုံ၊ တာမွေ၊ ပုဇွန်တောင်၊ အလုံ၊ လမ်းမတော်၊ ဆိပ်ကမ်း၊ လသာ၊ အင်းစိန်၊ ရန်ကင်း နဲ့ သာကေတ စတဲ့ ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် ၁၂ နေရာမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က အနိုင်ရတဲ့ စာရင်း နဲ့ တိုင်းဒေသကြီး လွှတ်တော် အတွက် လသာ ၁၊ လသာ ၂၊ ဆိပ်ကမ်း ၁၊ ဆိပ်ကမ်း ၂၊ အင်းစိန် စတဲ့ နေရာ ၂၄ နေရာ အတွက် ကြေညာ ခဲ့ပါတယ်။

ညနေ ၉ နာရီနဲ့ ၁၁ နာရီ မှာ ထပ်ပြီး ကြေညာ ရာမှာတော့ NLD က ရွှေတောင်၊ အမရပူရ၊ မတ္တရာ၊ စဉ့်ကူး၊ သုံးခွ၊ ကျောက်ဆည်၊ မလှိုင် စတဲ့ ပြည်သူ့ လွှတ်တော် ၄၉ နေရာ နဲ့ တိုင်း လွှတ်တော် နေရာ ၄၇ မှာ NLD အနိုင်ရပြီး ဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုး ပါတီက ပြည်သူ့ လွှတ်တော် အမတ် ၃ နေရာ နဲ့ တိုင်းဒေသကြီး လွှတ်တော် ၃ နေရာစီပဲ အနိုင်ရ တာကို တွေ့ရပါတယ်။

ဝ ဒီမိုကရက်တစ်ပါတီနဲ့ ကချင် ပြည်နယ် ဒီမိုကရေစီ ပါတီတို့လည်း ပြည်သူ့လွှတ်တော်မှာ တနေရာစီ အသီးသီး အနိုင်ရထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ