ပြိုင်ဘက်နာမည်ကြီးတွေ NLD ကို ရှုံး

  • 9 နိုဝင်ဘာ 2015
u_htay_oo ဓာတ်ပုံ မူပိုင် AP
Image caption ရွေးကောက်ပွဲ နေ့တုန်းက ရာခိုင်နှုန်း အပြတ်နဲ့ နိုင်မယ်လို့ ဦးဌေးဦးပြော။

ရွေးကောက်ပွဲပြီး နောက်တစ်ရက် မနက်ပိုင်း နောက်ဆုံး သိထားရတဲ့ မဲ ရေတွက် ပြီးစီးမှု အခြေ အနေ အရ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံဖြိုးရေး ပါတီ ရဲ့ တွဲဘက် ဥက္ကဌ ဦးဌေးဦး ဝင်ရောက် ယှဉ်ပြိုင်တဲ့ သူ့ရဲ့ ဇာတိ ဟင်္သာတ မှာ ပြိုင်ဘက် အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ က မဲ ၅ ထောင် အသာစီးရတယ် ဆိုပြီး မြို့နယ် ရွေးကော်ပွဲ ကော်မ ရှင် က ပြောပါတယ်။

တခါ၊ ဖြူး မြို့နယ် က လာတဲ့ သတင်းတွေ အရလည်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း လည်း ရွေးကောက်ပွဲ မှာ ရှုံနိမ့်တယ် လို့ သူနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်း က ပြောပါတယ်။

ရခိုင် အမျိုးသားပါတီ ANP ဥက္ကဌ ဦးအေးမောင်လည်း ရခိုင်ပြည်နယ် မာန်အောင် မှာ ရှုံးသွားပြီး သူကိုယ်တိုင် ဘီဘီစီ ကို ပြောပါတယ်။

တနင်္ဂနွေနေ့ ရွေးကောက်ပွဲ အပြီး နိုင်ငံ တဝှမ်း မဲတွေ ကို ညလုံး ပေါက် ဆက်လက် ရေတွက် နေတဲ့ နေရာ တွေ ရှိ နေကြ သလို ရေတွက် ပြီးတဲ့ နေရာ တွေ က နေ ဘယ် နိုင်ငံရေး ပါတီ အနိုင်ရ တယ်၊ ဘယ် ကိုယ်စားလှယ်လောင်း မဲ အသာစီး ရတယ် ဆိုတဲ့ အချက် တွေ ဆက်တိုက် ဆိုသလို ထွက် ပေါ် နေပါတယ်။

ရွေးကောက်ပွဲ ကော်မတီက တနင်္လာနေ့ ညနေပိုင်း မှာမှ တရားဝင် ရလာဒ် ကို တဆင့် ခြင်းစီ ထုတ်ပြန် ပေးမှာ ဖြစ်ပါတယ်။

ဒါပေမယ့် အတိုက်အခံ နိုင်ငံရေး ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ရဲ့ မဲရုံ ကိုယ်စားလှယ် တွေ နဲ့ စောင့်ကြ ည့် နေသူ တွေ က NLD ပါတီ မဲ အသာစီး ရရှိပြီး သေချာ ပေါက် အနိုင်ရ နိုင် တဲ့ နေရာ တွေ ကို ထုတ်ပြန် ပေးခဲ့ပါတယ်။

NLD ပါတီ က သူတို့ရဲ့ ရန်ကုန် မြို့ ဗဟန်း မြို့နယ် မှာ ရှိတဲ့ ရုံးချုပ် ရဲ့ အရှေ့မှာ LED ဘုဒ် ကြီး ထောင် ပြီး တနင်္ဂနွေည သန်းခေါင်း ကျော် အချိန်ထိ ထုတ်ပြန် ပေး နေတာ မှာ ပါတီကို အားပေးသူ အများအပြား စောင်းဆိုင်း ကြရင်းသား အားပေး နေခဲ့ ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ