ရခိုင်ပြည်နယ်မှာ ရခိုင်အမျိုးသား ပါတီအများအပြားနိုင်နေ

  • 9 နိုဝင်ဘာ 2015
UEC Result ဓာတ်ပုံ မူပိုင် UEC Facebook
Image caption ကြေညာထားပြီး သလောက် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှာ NLD အပြတ်အသတ်နိုင်နေ

ရွေးကောက်ပွဲ ကော်မရှင်က တရားဝင် မကြေညာသေး ပေမဲ့ လက်ရှိ ထွက်ပေါ်လာတဲ့ မဲစာရင်းတွေ အရ ရခိုင်ပြည်နယ်မှာ ရခိုင်အမျိုးသား ပါတီက အများစုနဲ့ ဦးဆောင် အသာရနေပါတယ်။

ပါတီ ခေါင်းဆောင်တစ်ယောက် ဖြစ်တဲ့ ဒေါက်တာ အေးမောင်ကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ရှုံးခဲ့ပါတယ်။

ရသေ့တောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲတို့မှာ လွှတ်တော် နေရာ တွေမှာ ရခိုင်အမျိုးသား ပါတီက အနိုင်ရသွားတဲ့ အပြင် မောင်းတော မြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်မှာလည်း သုံးနေရာစီ အနိုင် ရရှိခဲ့တယ်လို့ သိရပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီကတော့ လက်ရှိ ရရှိတဲ့ သတင်းအရ အမ်းမြို့နယ်မှာ ပြည်သူ့ လွှတ်တော် တစ်နေရာနဲ့ ဘူးသီးတောင်မြို့နယ်မှာ ပြည်နယ် လွှတ်တော် တစ်နေရာသာ အနိုင်ရရှိတယ်လို့ သိရပါတယ်။

အမ်းမြို့နယ်မှာ ဆက်လက် မဲရေတွက်နေတုန်း ဖြစ်တဲ့ အတွက် ပြည်နယ် လွှတ်တော်နေရာ အတွက် ဝင်ပြိုင်တဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းရဲ့ အခြေ အနေကိုတော့ တနင်္လာ ညဦးပိုင်း အထိ တိတိကျကျ မသိရသေးပါဘူး။

ရခိုင်အမျိုးသား ပါတီထဲက ဝါရင့်ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ ဦးအေးသာအောင်က အမျိုးသားလွှတ်တော်မှာ အနိုင်ရခဲ့ပါ့တယ်။

မင်းပြားနဲ့ မြေပုံ မြို့နယ်မှာ ရွေးကောက်ပွဲ ကော်မရှင်က တရားဝင် မထုတ်ပြန်သေးပေမဲ့ လက်ရှိ မဲစာရင်း ရေတွက်မှုအရ သူအနိုင်ရ ခဲ့တယ်လို့ ဦးအေးသာအောင်က ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်နယ် ထဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားတဲ့ စစ်တပ်က အငြိမ်းစား ဗိုလ်မှူးကြီး အဆင့် ရှိကြတဲ့ ဒေါက်တာ ဦးစံရွှေအောင်၊ ဦးထွီးလှ၊ ဦးကျော်ရွှေ၊ ဦးအောင်နိုင်ဦးတို့ အားလုံး ရှုံးနိမ့်ခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် တောင်ပိုင်း မြို့နယ်တွေမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက နေရာ အတော်တော် များများ အနိုင် ရလိမ့်မယ်လို့ ခန့်မှန်ထားပေမဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ဂွ၊ သံတွဲ၊ တောင်ကုတ်မြို့နယ်တို့မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရသွားခဲ့ တယ်လို့ အဲဒီသုံးမြို့နယ်မှာ ရခိုင်အမျိုးသားပါတီ အမျိုးသား လွှတ်တော်က ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ဦးတင်ညိုက ဘီဘီစီကို ပြောပါတယ်။

အခုလို အနိုင်အရှုံး စာရင်းတွေ ထွက်ပေါ်နေပေမဲ့ တရားဝင် မကြေညာသေးတဲ့ အတွက် ရွေးကောက်ပွဲ ကော်မရှင်က ကြေညာမယ့် အချိန်ကို ရခိုင် ပြည်သူတွေက စိတ်ဝင်တစားနဲ့ စောင့်မျှော်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ