ဆပ်ချ ဖန်း နဲ့ ဘီဘီစီ မေးမြန်းခန်း

  • 9 နိုဝင်ဘာ 2015
myanmar ဓာတ်ပုံ မူပိုင် Reuters
Image caption ပြည်သူ ပြည်သားတွေ ပျော်ရွှင်မြူးတူး

မြန်မာပြည် က ရွေးကောက်ပွဲမှာ NLD လွှတ်တော်နေရာ အများအပြား အပြတ် အနိုင်ရ နေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာချိန်မှာ ပဲ လန်ဒန်ကို ဆွေးနွေးပွဲ တက်ဖို့ရောက်နေတဲ့ မြန်မာပြည် မှာ အအောင်မြင်ဆုံး စီးပွားရေး လုပ်ငန်းရှင် ထဲက တယောက်ဖြစ်တဲ့ မစ္စတာ ဆပ်ချ ဖန်း ကို ဘီဘီစီ World TV အစီအစဉ် က ဖိတ်ခေါ် မေးမြန်းခဲ့ပါတယ်။

ဘီဘီစီ က အခု ရွေးကောက်ပွဲ သတင်းတွေ ကြားရတော့ ဘယ်လို မြင်ပါလဲလို့ စမေးတော့

ဖြေ။ မြန်မာ ပြည်သူ ပြည်သားတွေ ပျော်ရွှင်မြူးတူး ရတဲ့ နေ့တွေ လို့ ဆိုချင်ပါတယ်။ မြန်မာ ပြည်သူ တွေ အနေနဲ့ ဒီလိုနေ့မျိုး ရောက်လာဖို့ အချိန် အများကြီး စောင့်ခဲ့ကြရ ပါတယ်။ ဒီရွေးကောက်ပွဲ က ဖော်ပြလိုက်တဲ့ အချက် ၂ ချက်ရှိတယ် လို့ ကျနော် မြင်ပါတယ်။ တချက်က မြန်မာပြည်သူ တွေ ရဲ့ လိုလားချက်ကို ထုတ်ဖော်ပြလိုက်တဲ့အချက်ပါ။ နောက်တခု ကတော့ လက်ရှိအစိုးရ အနေနဲ့ အခုလိုရွေးကောက်ပွဲ အောင်မြင်အောင် ကျင်းပ နိုင်အောင် လွန်ခဲ့တဲ့ ၄ နှစ်ခွဲ လောက်ကတည်း က နေ လုပ်ဆောင်ပေးခဲ့တယ် ဆိုတဲ့အချက်ပါ။

မေး။ မစ္စတာ ဆပ်ချဖန်း အနေနဲ့ လက်ရှိအစိုးရ ကို အခုလို ဖြစ်လာတဲ့အတွက် ကျေးဇူးတင်တဲ့သဘောပါလား ဆိုတဲ့ အမေးကိုလည်း သူက

ဖြေ။ အဟုတ်ပါပဲဗျာ။ ကမ္ဘာတလွှား က ဒီမိုကရေစီ နိုင်ငံ တွေမှာ ရွေးကောက်ပွဲ မှာ ခြိမ်းခြောက် တာတွေ ဖြစ်တာ ၊ အကြမ်းဖက် တာတွေ ဖြစ်တာ စတာတွေ လက်ရှိအချိန် ထိ ရှိနေပါသေးတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေ က မြန်မာပြည် က ရွေးကောက်ပွဲ ဟာ ကမ္ဘာမှာ ငြိမ်းငြိမ်းချမ်းချမ်း နဲ့ စနစ်တကျ အဖြစ်ဆုံး ရွေးကောက် ပွဲ တွေ ထဲမှာ တခု အပါအ၀င်ပါ။ ဒီအချက် ဟာ အများကြီး အဓိပ္ပာယ် ရှိပါတယ်။

မေး။ တချို့ ပြောကြတာ ရှိပါတယ်။ NLD အနေနဲ့ အာဏာ ရပြီးတဲ့ အချိန်မှာ တောင် စိန်ခေါ် တာ တွေ အများကြီးတွေ့ ရနိုင် တယ်။ စီးပွားရေး အရ ပေါ်လစီ အများကြီး ရှင်းရှင်း လင်းလင်း မရှိ သေး တာ ကို တွေ့ ရတယ်။ စီးပွားရေး လုပ်ငန်းရှင် တယောက် အနေနဲ့ အဲဒီ ယူဆချက်တွေ အပေါ် ဘယ်လို မြင်ပါသလဲ ဆိုတာ ဘီဘီစီ ကမေးတော့

ဓာတ်ပုံ မူပိုင် EPA
Image caption NLD က သန့်ရှင်းအောင် စီမံ အုပ်ချုပ် နိုင်မလား

ဖြေ။ NLD မှာ အားနည်းချက် တွေ ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် မှာ လည်း အားနည်းချက် တွေ ရှိတယ်လို့ ထောက်ချင့် တဲ့သူတွေ လည်း ရှိနိုင်တာပဲလေ။ ဒါပေမဲ့ သူ ဟာ မြန်မာ ပြည်သူတွေ အရေးအတွက် စိုက်လိုက် မတ်တတ် နှစ်ပေါင်း များစွာ လုပ်ခဲ့တယ်။ သူ့အပေါ် မှာ လည်း ပြည်သူတွေ က ယုံကြည်မှု ပေးကြတယ်။ အခု ရွေးကောက်ပွဲ က လက်တွေ့ သက်သေပဲလေ။ ဒီတော့ သူ့ ကို လုပ်ကိုင်ခွင့် မပေးသင့် ဘူးလား။ ပေးသင့်တာပေါ့။

မေး။ ရင်ဆိုင်ရမယ့် စိန်ခေါ်ချက် တွေ ကကော ဘာတွေ ရှိမလဲ။ နေရာအနှံ့မှာ အဂတိ လိုက်စားမှုတွေ ရှိတယ် လေ။

ဖြေ။ NLD အနေနဲ့ အနိုင်ရ လို့ အစိုးရ ဖွဲ့နိုင်ပြီ ဆိုပါစို့။ လာမယ့် ၅ နှစ် အတွင်း လုပ် ဖို့ အကောင်းဆုံးတွေ ကို ပြောပါ ဆိုရင်တော့ ကျနော် ၃ ချက် ပြောချင်ပါတယ်။ ပထမ အချက် က အဂတိ လိုက်စားတာတွေ နှိမ်နင်းဖို့ နဲ့ သန့်ရှင်းတဲ့ စီမံ အုပ်ချုပ် ဆောင်ရွက် တာတွေ လုပ်ဆောင် ဖို့ပါ။ ဒီအချက် ကို လုပ်ဆောင် နိုင်ရင် အတော်တာ သွားပါလိမ့်မယ်။ နံပတ် ၂ အချက် ကတော့ ငြိမ်းချမ်းရေး သဘောတူညီချက်တွေ ကို ဆက်လက် ဆောင်ရွက် ဖို့ပါ။ ဒေါ်အောင်ဆန်း စုကြည် အနေနဲ့ ဆောင်ရွက် နိုင်မယ် လို့လည်း ထင်ပါတယ်။ နောက်ထပ် အရေးကြီးတဲ့ နံပတ် ၃ အချက် ကတော့ အလွယ် စကားလုံးနဲ့ ပြောရရင် အလုပ် အကိုင် ၂ သန်းလောက် ပေါ်ထွန်း လာအောင် လုပ် ဖို့ ဆိုတာ ပါပဲဗျာ။

မစ္စတာ ဆပ်ချ ဖန်း က ဘီဘီစီ World TV အစီအစဉ် မှာ ဖြေကြားခဲ့တာ ပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ