မဲရလဒ်တွေကို ၂ ပတ်အတွင်း အပြီး ကြေညာမယ်

  • 9 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြော။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မဲရလဒ်တွေကို တခြား နိုင်ငံတွေထက် မြန်အောင် ၂ပတ်အတွင်း အပြီး ကြေညာ ပေးမယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲ စည်းမျဉ်း စည်းကမ်းတွေ ချိုးဖောက်တဲ့ ဖြစ်စဉ်တွေကို ၁၅ ရက်အတွင်း တိုင်ကြားရင် စုံစမ်း စစ်ဆေးမယ်လို့လည်း ကော်မရှင်က သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။

ဒီရွေးကောက်ပွဲမှာ တရားမဝင် မဲဆွယ်တာ၊ မဲရုံမှူး လက်မှတ် မပါဘဲ မဲပေးတာ၊ မဲစာရင်းမှာ မပါဘဲ မဲပေးတာ အပါအဝင် တခြား ဖြစ်စဉ် အားလုံးဟာ ၀.၁၁၉ ပမာဏပဲ ရှိတဲ့အတွက် မဲရုံ တစ်ထောင်မှာ ၁ ရုံပဲ ဖြစ်တာမို့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက နိုဝင်ဘာ ၉ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ ပါတယ်။

ဒုတိယ သမ္မတ ဦးစိုင်းမောက်ခမ်း ယှဉ်ပြိုင်တဲ့ လားရှိုးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် နေရာ အတွက် ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီကို ထောက်ခံတဲ့ ကြိုတင်မဲတွေ ထပ်ရောက် လာခဲ့တာနဲ့ ပတ်သက်လို့ NLD ပါတီနဲ့ ကျားခေါင်း ပါတီလို့ ခေါ်တဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီတို့က ကန့်ကွက်ခဲ့ ပါတယ်။

ဒါပေမဲ့ ရှမ်းပြည် မြောက်ပိုင်း ရွေးကောက်ပွဲ ကော်မရှင် တာဝန်ခံ ဦးနှစ်ဆန်းဦး ကတော့ လားရှိုး အခြေစိုက် တပ်ရင်း တပ်ဖွဲ့တွေနဲ့ မိသားစုတွေက ထည့်တဲ့ ကြိုတင်မဲ တွေဟာ လုပ်ထုံးလုပ်နည်း ဥပဒေအရ မှားယွင်းမှု မတွေ့ရဘူးလို့ ဘီဘီစီကို ပြောပါတယ်။

တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေက ပေးပို့လာတဲ့ ကြိုတင်မဲ ၄၀၀၀ လောက်ရှိပြီး ၃၅၀၀ ကျော် ဟာ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီကို ပေးထားတာ ဖြစ်ပါတယ်။

ကြိုတင်မဲပုံးတွေကို အစုလိုက် အပြုံလိုက် လာပို့တာဟာ ကြိုတင် ကြံစည်ထားတဲ့ပုံစံ မျိုး ဖြစ်နေတယ်လို့ ထင်မြင်တဲ့အကြောင်း SNLD ပါတီက ပြောပါတယ်။

အထူးသဖြင့် ဒီကြိုတင်မဲတွေကိုသာ အတည်ပြု ပေးမယ်ဆိုရင် ကြံခိုင် ဖွံဖြိုးရေး ပါတီက ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပွတ်ကာသီကာနဲ့ အနိုင်ရရှိသွားနိုင် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ