နေရာအများစု အနိုင်ရမယ်လို့ ဒေါ်စု ပြော

  • 10 နိုဝင်ဘာ 2015
Image caption ပြည်သူတွေက သူတို့လိုချင်တဲ့ အပြောင်းအလဲကို သူတို့ပဲ လုပ်ရမှာလို့ ဒေါ်အောင်ဆန်းစုကြည် ပြော။

ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲမှာ ပြည်ထောင်စု လွှတ်တော်မှာ ၇၅% လောက် အနိုင်ရဖို့ မျှော်လင့်တဲ့အကြောင်း ဘီဘီစီ နဲ့ သီးခြား အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

နိုင်ငံတော်အာဏာကို ထိန်းချုပ်ထားသူတွေက လေးစားလိုက်နာပါ့မလား ဆိုတဲ့ အမေးကိုတော့ ဒေါ်အောင်ဆန်းစုကြည်က "ခေတ်ကပြောင်းသွားခဲ့ပြီ၊ လူတွေလည်း ပြောင်းသွားခဲ့ပြီ၊ လူတွေက နိုင်ငံရေး နိုးကြားမှု ပိုရှိလာခဲ့ပြီ၊ ရွေးကောက်ပွဲ ရလဒ်ကို မလျော်မကန် လုပ်ချင်တဲ့သူတွေ ရှိရင်လည်း လုပ်ဖို့ ပိုပြီး ခက်ခဲသွားပါပြီ" လို့ ဖြေသွားပါတယ်။

ရွေးကောက်ပွဲဟာ လွတ်လပ် မျှတခဲ့တယ်လို့ ထင်ပါသလားဆိုတဲ့ အမေးကိုတော့ "မျှတလား ဆိုရင်တော့ မမျှတဘူး လို့ ပြောရမယ်၊ လွတ်လပ်သလား ဆိုရင်တော့ ယေဘုယျပြောရင် လွတ်လပ်တယ်လို့ ပြောရပါမယ်။ တချို့ နေရာတွေမှာ ခြိမ်းခြောက်မှုတွေ ရှိခဲ့ပါတယ်။ တပ်မတော်သားတွေဟာ သူတို့ တပ်ဝင်း အတွင်းမှာပဲ မဲပေးခဲ့ကြရတယ်၊ အခြားသူတွေနဲ့အတူ မဲမပေးခဲ့ရပါဘူး" လို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေသွားခဲ့ပါတယ်။

အပြောင်းအလဲကို လုပ်ခွင့်မရဘဲ ပိတ်ဆို့ ဟန့်တားခံခဲ့ရမယ် ဆိုရင် နိုင်ငံတကာရဲ့ ဖိအားတွေက ဘယ်လောက်အထိ အရေးပါမလဲ ဆိုတဲ့ အမေးကိုတော့ "နိုင်ငံတကာ ဖိအား ဆိုတာကတော့ အရေးပါပါတယ်။ ဒါပေမယ့် တကယ်တမ်း ပြည်သူတွေက သူတို့လိုချင်တဲ့ အပြောင်းအလဲကို သူတို့ပဲ လုပ်ရမှာပါ။ ဒီနေ့ ခေတ်လို ကမ္ဘာ့ တစ်နေရာမှာ ဖြစ်တာကို တစ်ဖက်ခြမ်းက ချက်ချင်းသိနိုင်တဲ့ ခေတ်မျိုးမှာတော့ နိုင်ငံတကာ ဖိအား ဆိုတာကလည်း အတိုင်းအတာ တစ်ခုအထိ အရေးပါပါတယ်" ဆိုပြီး ဘီဘီစီနဲ့ အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ