လွှတ်တော် ၃ရပ်ပေါင်း ၂၈၅ နေရာ အနိုင်စာရင်းထွက်

  • 10 နိုဝင်ဘာ 2015

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာ ၉ ရက်နေ့က စပြီး မဲရလဒ်တွေကို ကြေညာ ပေးနေရာမှာ ဒီကနေ့ နိုဝင်ဘာ ၁၀ ရက်နေ့ ညနေပိုင်း အထိ လွှတ်တော် ၃ ရပ်အတွက် ၂၈၅ ယောက်ရဲ့ အနိုင်စာရင်း ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီထဲမှာ အန်အယ်လ်ဒီက ၂၄၉ နေရာ နိုင်ပြီး တခြား ပါတီတွေက ၃၆ နေရာ နိုင်ပါတယ်။

ဒီကနေ့ ကြေညာတဲ့ အထဲမှာတော့ ကယားပြည်နယ်မှာ အမျိုးသား လွှတ်တော် အမှတ် ၉ မှာ ဝင်ပြိုင်တဲ့ သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးသိမ်းက အနိုင်ရခဲ့ပါတယ်။

ကြိုတင်မဲတွေ ကိစ္စ မကျေမနပ် တိုင်တန်းမှုတွေ ရှိခဲ့တဲ့ လားရှိုးမှာတော့ ဒုတိယ သမ္မတ ဦးစိုင်းမောက်ခမ်း အနိုင်ရသွားတယ်လို့ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

မွန်ပြည်နယ်

တရားဝင် မကြေညာသေးပေမယ့် လေ့လာ စောင့်ကြည့်သူတွေရဲ့ စာရင်းတွေ အရတော့ မွန်ပြည်နယ် ၁၀ မြို့နယ်က ပြည်သူ့လွှတ်တော်မှာ အင်အယ်ဒီက အားလုံး နိုင်တယ်လို့ ဆိုပါတယ်။

အမျိုးသား လွှတ်တော် ၁ နဲ့ ၂ နှစ်နေရာ ရှိရာမှာ ရေးမြို့က အမျိုးသားလွှတ်တော် ၂ တစ်နေရာမှာပဲ မွန်ပါတီ တခုဖြစ်တဲ့ MNP က ဦးနိုင်သီဟက အနိုင်ရပြီး၊ ကျန်တဲ့နေရာ အားလုံးမှာ အင်အယ်ဒီကပဲ အနိုင် ရပါတယ်။ ပြည်နယ် လွှတ်တော် ၁ နဲ့ ၂ နှစ်နေရာ ရှိရာမှာလည်း အင်အယ်ဒီက အများဆုံးရပါတယ်။

ပြည်နယ် လွှတ်တော် ၁ မှာ အင်အယ်ဒီက ဒေါ်မြသင်္ဂီမော်နဲ့ ယှဉ်ပြိုင်တဲ့၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ဗိုလ်ချုပ်ဟောင်း ဦးအုန်းမြင့်က ပထမပိုင်း မဲရေတွက် နေတုံးမှာ အသာရခဲ့ပေမယ့် နောက်ဆုံး အပြီးသတ်မှာတော့ ရှုံးသွားပါတယ်။

ပြည်နယ်လွှတ်တော် ၁ နဲ့ ၂ မှာ မွန်ပါတီနှစ်ခုက တစ်ယောက်စီ အနိုင်ရ ပါတယ်။ ပြည်နယ်လွှတ်တော် ၂ မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက မင်းအောင်မွန်က တနေရာ ရသွားပါတယ်။

ကျိုက်ထိုမြို့မှာ ဝင်ပြိုင်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ဗိုလ်ချုပ် သက်နိုင်၀င်း ကတော့ ရှုံးသွားပါတယ်။

ကရင်ပြည်နယ်

ကရင်ပြည်နယ်မှာတော့ အင်အယ်ဒီကနေ ရာအများဆုံးမှာ အနိုင်ရနေပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပြီးသတ် ရလဒ်ကို အမြန်ဆုံး ကြေညာနိုင်အောင် စီစဉ်သွားမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။

ရွေးကောက်ပွဲနေ့က မဲရုံအတွင်းပိုင်းနဲ့ မဲရုံပြင်ပမှာ စည်းကမ်း ချိုးဖေါက်ခဲ့တဲ့ ဖြစ်စဉ် ၁၁၉ မှု ရှိခဲ့တယ် လို့လည်း ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက သတင်း မီဒီယာတွေကို ပြောပါတယ်။

ကြာအင်းဆိပ်ကြီး မြို့နယ်မှာ ကြံ့ခိုင်ရေး ပါတီက ပြည်နယ်လွှတ်တော် တစ်နေရာနဲ့ ဖာပွန် မြို့နယ်မှာ တစ်နေရာ နိုင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ