ဟင်္သာတမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ဥက္ကဋ္ဌ ဦးဌေးဦး ရှုံးနိမ့်

  • 10 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် AP
Image caption ဟင်္သာတ မြို့နယ် ပြည်သူ့လွှတ်တော် နေရာကို ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ ပူးတွဲ ဥက္ကဋ္ဌ ဦးဌေးဦး ရှုံးနိမ့်သွား

ဟင်္သာတမြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ် လောင်းတွေရဲ့ မဲရလဒ်တွေကို နိုဝင်ဘာလ ၁၀ရက်နေ့က မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ကနေ အတည်ပြု ထုတ်ပြန် ကြေညာခဲ့ရာမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ပူးတွဲ ဥက္ကဋ္ဌ ဦးဌေးဦးဟာ သူဝင်ပြိုင်တဲ့ ပြည်သူ့ လွှတ်တော်နေရာမှာ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးခင်မောင်ရီကို ထောက်ခံမဲ (၅)သောင်းလောက် လျော့ ရခဲ့ပြီး ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဦးဌေးဦးဟာ နဂိုက ပါတီ အထွေထွေ အတွင်းရေးမှူး ဖြစ်သလို ရွေးကောက်ပွဲမှာလည်း သူ့ရဲ့ ဇာတိဖြစ်တဲ့ ဟင်္သာတမှာ ငွေတွေ အများကြီးသုံးပြီး မဲဆွယ်ခဲ့တဲ့ကြားက ရှုံးတယ် ဆိုတော့ သူ့အတွက်ရော ပါတီအတွက်ပါ အတော်လေး အထိနာတယ်လို့ ဆိုရမှာပါ။

အခု ကိုယ်စားလှယ်လောင်းတွေရဲ့ ရွေးကောက်ပွဲ အနိုင် အရှုံး မဲရလဒ် ကို လက်ခံ အတည်ပြုတယ် ဆိုတဲ့ ပုံစံ (၁၉) မှာ လက်မှတ်ရေးထိုးတဲ့ ပွဲကို ဦးဌေးဦး ကိုယ်တိုင် မလာရောက်ခဲ့ပါဘူး။

အလားတူ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ကြတဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားလှယ် လောင်းတွေလည်း ကိုယ်တိုင် မလာရောက်ကြပဲ သူတို့ကိုယ်စား ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီရဲ့ မြို့နယ်ကော်မတီဝင် ဦးဌေးဝင်း က ပုံစံ (၁၉)မှာ လက်မှတ်ထိုးပေးခဲ့ပါတယ်။

ဦးဌေးဦးကတော့ တကယ်တမ်းမှာ တရားဝင် မဲရလဒ် ထွက်မလာခင်ကတည်းက သူရှုံးပြီ ဆိုတာကို ဝန်ခံ ပြောခဲ့ပါတယ်။ ဟင်္သာတမြို့ တစ်ခုတည်း မဟုတ်ပဲ မြို့နယ် (၆)မြို့နယ်ပါတဲ့ ဟင်္သာတ ခရိုင်တစ်ခုလုံးမှာပါ ရှုံးခဲ့ပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း နေရာမှာ ဦးဌေးဦးကို အနိုင်ရခဲ့တဲ့ NLD က ဦးခင်မောင်ရီဟာ ဟင်္သာတမြို့ ဇာတိဖြစ်ပြီး အထက်တန်းပြ ကျောင်းဆရာဟောင်း တစ်ဦးလည်း ဖြစ်ပါတယ်။

ဟင်္သာတခရိုင် မှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကနေ ဝင်ပြိုင်တဲ့ ဒုတိယ လည်ယာနဲ့ ဆယ်မြောင်း ဝန်ကြီး ဦးအုန်းသန်းဟာ NLD ကို မဲ (၆)သောင်းလောက် နည်းပြီး ရှုံးခဲ့သလို ကျန်တဲ့ တိုင်းဒေသကြီး နေရာ(၂)ခုမှာလည်း ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက မဲ(၂)သောင်းလောက် နည်းပြီး ရှုံးခဲ့ပါတယ်။

ဧရာဝတီတိုင်းရဲ့ မြို့နယ်ပေါင်း (၂၆)မြို့နယ်က မြို့နယ် တော်တော်များမှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေ အပြင် အစိုးရ ဝန်ကြီးတွေ၊ ဒုတိယ ဝန်ကြီးတွေ၊ တိုင်းဒေသကြီး ဝန်ကြီးတွေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရဖို့ကိုလည်း ပါတီက အစောပိုင်းက အတော်လေး မျှော်လင့်ခဲ့တာပါ။

တကယ်တမ်း မဲရလဒ်တွေ ထွက်လာတဲ့အခါမှာတော့ မြို့နယ်တိုင်းလိုလိုမှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဘက်က ရှုံးတယ်ဆိုပြီး NLD က ပြောပါတယ်။

ဒါပေမယ့် မဲဘယ်လောက်နဲ့ နိုင်ခဲ့တာလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

NLDကတော့ ရွေးကောက်ပွဲမှာ နိုင်တယ်ဆိုပေမယ့် သူတို့ပါတီရဲ့ မူဝါဒတွေအတိုင်း ဘယ်လောက် လုပ်နိုင်မလဲ ဆိုတာကတော့ အလုပ်နဲ့ သက်သေပြရဦးမယ့် အခြေအနေမျိုးရှိပါတယ်။