နိုဝင်ဘာ ၁၁ ရက်အထိ တရားဝင် မဲရလဒ် အခြေအနေ

  • 11 နိုဝင်ဘာ 2015

ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ် စာရင်းကို နိုဝင်ဘာ ၉ ရက်ကနေ စပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာနေရာမှာ ဒီကနေ့ နိုဝင်ဘာ ၁၁ ရက်နေ့ ည ၉ နာရီအထိ ၃ရက်စာ ကြေညာချက်အရ ပြည်သူ့လွှတ်တော် အတွက် ၂၁၆ နေရာ၊ အမျိုးသား လွှတ်တော်အတွက် ၈၃ နေရာနဲ့ တိုင်ဒေသကြီး လွှတ်တော်အတွက် ၃၂၈ နေရာ အသီးသီး ကြေညာခဲ့ပြီး ဖြစ်ပါတယ်။

အဲဒီ ရလဒ်တွေ အရ အန်အယ်ဒီ ပါတီက ပြည်သူ့လွှတ်တော်မှာ ၁၇၉ နေရာ၊ အမျိုးသား လွှတ်တော်မှာ ၇၇ နေရာနဲ့ တိုင်းဒေသကြီး လွှတ်တော်အတွက် ၂၈၀ နေရာ အနိုင်ရထားပြီး ဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုး ပါတီကတော့ ပြည်သူ့လွှတ်တော်မှာ ၁၇ နေရာ၊ အမျိုးသားလွှတ်တော်မှာ ၄ နေရာနဲ့ တိုင်းဒေသကြီး လွှတ်တော်မှာ ၃၀ နေရာ အနိုင်ရထားပါတယ်။

တိုင်းရင်းသား ပါတီတွေနဲ့ တစ်သီးပုဂ္ဂလတွေ ကတော့ ပြည်သူ့လွှတ်တော်မှာ ၂၀ နေရာ ၊ အမျိုးသားလွှတ်တော်မှာ ၂ နေရာနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်မှာ ၁၈ နေရာ အနိုင်ရထားပါတယ်။

အန်အယ်လ်ဒီ ပါတီ အနေနဲ့က တစ်ပါတီတည်းနဲ့ အစိုးရ ဖွဲ့နိုင်ဖို့ ဆိုရင် လွှတ်တော် ၂ ရပ်ပေါင်းတဲ့ ပြည်ထောင်စု လွှတ်တော်မှာ ၃၃၃ နေရာ အနိုင်ရရမှာ ဖြစ်ပါတယ်။

လက်ရှိ ကြေညာပြီးတဲ့ ရလဒ်တွေအရ ၂၅၆ နေရာ ရပြီးသား ဖြစ်နေပါပြီ။ နောက်ထပ် ကြေညာဖို့က ၁၉၂ နေရာ ကျန်နေပြီး အဲဒီအထဲက ၇၇ နေရာ ထပ်နိုင်ရင် အန်အယ်လ်ဒီက တစ်ပါတီတည်းနဲ့ အစိုးရဖွဲ့နိုင်မှာ ဖြစ်ပါတယ်။

အစောပိုင်းကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲကနေ ထုတ်ဖော်လိုက်တဲ့ ပြည်သူ့ဆန္ဒကို အကောင်အထည်ဖော်ရေး ဆွေးနွေးဖို့အတွက် သမ္မတ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု လွှတ်တော် နာယကတို့ကို နိုဝင်ဘာ ၁၀ ရက်နေ့ နေ့စွဲနဲ့ ပေးပို့ တောင်းဆို ခဲ့ပါတယ်။

၁၉၉၀ ပြည့် ရွေးကောက်ပွဲတုန်းကလို ရလဒ်ကို အသိအမှတ် မပြုဘဲ လျစ်လျူရှုတာမျိုး မဖြစ်အောင်လို့ အခုလို ဆွေးနွေးဖို့ တောင်းဆိုရတာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် တွေ့ခွင့် တောင်းဆိုထားတဲ့အတိုင်း သမ္မတက တွေ့ဖို့ ရှိကြောင်း၊ ရွေးကောက်ပွဲ ရလဒ်တွေ အပြည့်အစုံ တရားဝင် ကြေညာပြီးတဲ့နောက်မှာ တွေ့ကြဖို့ ရှိကြောင်း သမ္မတ ကိုယ်စား ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ဘီဘီစီကို ပြောပါတယ်။

နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းက နိုင်ငံတော် သမ္မတရုံးရဲ့ ထုတ်ပြန် ကြေညာချက်ထဲမှာတော့ ရွေးကောက်ပွဲ မဲရလဒ်တွေအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက လွှတ်တော် နေရာ အများစုနဲ့ ဦးဆောင်နေတဲ့ အတွက် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ဒီကို ချီးကျူး ဂုဏ်ပြုကြောင်း ဖော်ပြ ထားပါတယ်။

သမ္မတရုံး ထုတ်ပြန်ချက်ထဲမှာ နိုင်ငံတော် အစိုးရအနေနဲ့ မဲဆန္ဒရှင် တိုင်းရင်းသား ပြည်သူတွေရဲ့ ရွေးချယ်မှုနှင့် အဆုံးအဖြတ်ကို လေးစားလိုက်နာပြီး သတ်မှတ်အချိန်များ အတိုင်း အေးချမ်း တည်ငြိမ်စွာ လွှဲပြောင်းနိုင်ရေးကို ဆောင်ရွက်သွားမှာ ဖြစ်တယ် လို့လည်း ဖော်ပြ ထားပါတယ်။

နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းမှာပဲ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) တပ်မတော် သတင်းမှန် ထုတ်ပြန်ရေးအဖွဲ့ကလည်း "ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ရေးအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများပြီး ဆုံးချိန်မှာ နှစ်ဘက် ညှိနှိုင်း ဆောင်ရွက်သွားမယ်"လို့ သတင်း ထုတ်ပြန်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ