တွေ့ဆုံ ဆွေးနွေးရေးက ရွေးကောက်ပွဲလိုပဲ အရေးပါ

  • 12 နိုဝင်ဘာ 2015
Image caption မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ကလည်း ရွေးကောက်ပွဲလိုပဲ အရေးကြီး

နိုဝင်ဘာလ (၁၁) ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်၊ လွှတ်တော် နာယက သူရ ဦးရွှေမန်း၊ ကာကွယ်ရေး ဦးစီချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့ အမျိုးသား ရင်ကြားစေ့ရေး အတွက် တွေ့ဆုံ ဆွေးနွေးဖို့ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆို လိုက်ပါတယ်။

သမ္မတ ဦးသိန်းစိန် ရဲ့ ပြောရေး ဆိုခွင့် ရှိသူ ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က ရွေးကောက်ပွဲ ရလဒ်တွေ အပြည့်အစုံ ကြေညာ ပြီးတဲ့ နောက်မှာ တွေ့ဆုံဖို့ ရှိကြောင်း သမ္မတ ကိုယ်စား ဘီဘီစီ ကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ကလည်း ရွေးကောက်ပွဲလိုပဲ အရေးကြီးကြောင်း သတင်းစာဆရာ ဦးစည်သူအောင်မြင့်က ပြောပါတယ်။

တွေ့ဆုံညှိနှိုင်းပြီး တိုင်းပြည်ရဲ့ပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်မှာ ဖြစ်တဲ့ အပြင် ကြားကာလမှာ မဲပေးခဲ့သူ ပြည်သူတွေ အနေနဲ့ အာဏာလွှဲပြောင်းမှု ဖြစ်ပါ့မလား ဆိုတဲ့ စိုးရိမ် သောကတွေ ရှိနိုင်တာကြောင့် မြန်မြန်တွေ့ဆုံလျှင် အကောင်းဘက်ကို ပိုမိုဦးတည်နိုင်မှာ ဖြစ်တယ်လို့ ဦးစည်သူအောင်မြင့်က ဆက်ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဘက်ကလည်း အစိုးရ လွှဲပြောင်း ပေးရေး အတွက် သံသယ တွေ ရှိသလို၊ တပ်မတော် ဘက်ကလည်း အကျိုးစီးပွား အသိုင်းအဝိုင်းနဲ့ ပါတ်သက်လို့ သံသယတွေ စိုးရိမ်ပူပန်တွေ ရှိနေပါတယ်။

နှစ်ဘက် စလုံးက တိုင်းပြည်ရဲ့ သမိုင်း သင်ခန်းစာတွေကို လေ့လာပြီး တိုင်းပြည်က လိုအပ်ချက်တွေကို လက်တွေ့ကျကျ ချည်းကပ် နိုင်မှ နိုင်ငံရေးအရ ပြေလည်မှု ရရှိမှာ ဖြစ်ကြောင်း ဘီဘီစီကို ပြောကြားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ