အစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကာချုပ်ပြော

  • 12 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption မဲရလဒ်တွေအတွက် အန်အယ်ဒီကို ဂုဏ်ပြုကြောင်း ကာချုပ်က ပြောခဲ့။

သမိုင်းဝင် မြန်မာ့ အထွေထွေ ရွေးကောက်ပွဲရဲ့ ရလဒ်တွေအရ ပေါ်ထွက်လာမယ့် အစိုးရသစ်နဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကတိပြု လိုက်ပါတယ်။

ရွေးကောက်ပွဲလွန် ကာလမှာ တပ်မတော် အနေနဲ့ အစိုးရသစ်နဲ့ လက်တွဲပြီး အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင် ကြရမှာ ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော် စည်းရုံးရေး ကော်မတီ ဗဟိုဦးစီး ကော်မတီ အစည်းအဝေးမှာ ပြောခဲ့တာပါ။

အခုချိန်အထိ မဲရလဒ် ထက်ဝက်လောက် တရားဝင် ကြေညာခဲ့ပြီး ဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၈၀ ရာခိုင်နှုန်းလောက် အနိုင်ရနေပါတယ်။

နိုင်ငံတကာက ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေး အဖွဲ့တွေ ကလည်း နိုဝင်ဘာ ၈ရက်နေ့ ရွေးကောက်ပွဲနဲ့ မဲရေတွက်ပုံ တွေကို အတည်ပြု ထောက်ခံချက် ပေးခဲ့ ကြပါတယ်။

မဲရလဒ်တွေမှာ အနိုင်ရ ဦးဆောင် နေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ဒီ ပါတီကို ဂုဏ်ပြုကြောင်းလည်း သမ္မတ ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က ထုတ်ပြန် ခဲ့ပါတယ်။

အမေရိကန် သမ္မတ ဘာရက် အိုဘားမား ကလည်း ဒီကနေ့ ကြာသပတေးနေ့မှာ သမ္မတ ဦးသိန်းစိန်ကို ဖုန်းဆက်ပြီး လွတ်လပ် မျှတတဲ့ သမိုင်းဝင် ရွေးကောက်ပွဲအတွက် ဂုဏ်ယူကြောင်း ပြောကြား ခဲ့တယ်လို့ အစိုးရ ပြောခွင့်ရသူ ဦးရဲထွဋ်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ