စိမ်ခေါ်မှုတွေ ရှိနေတဲ့ မြစ်ဝကျွန်းပေါ် မြို့တစ်မြို့

  • 13 နိုဝင်ဘာ 2015
Image caption ရန်ကုန်မြို့က မိုင် ၁၀၀ သာဝေးတဲ့ င်္ဟသာတမြို့မှာ စိမ်ခေါ်မှုတွေများ။

မြန်မာနိုင်ငံ ရွေးကောက်ပွဲမလုပ်ခင် သီတင်းတပတ်အလိုမှာ ဘန်ကောက် ဘီဘီစီ သတင်းထောက် Jonathan Head က မြစ်ဝကျွန်းပေါ်ရှိ ဟင်္သာတမြို့ကို သွားရောက်ပြီး အဲဒီမြို့က ဝင်ရောက်အရွေးခံမယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ပူးတွဲဥက္ကဌ ဦးဌေးဦး နဲ့ တွေ့ဆုံးမေးမြန်းကာ ရွေးကောက်ပွဲ မတိုင်ခင် အခြေအနေတွေကို ရေးသားတင်ပြခဲ့ပါတယ်။ အခုတခါ ရွေးကောက်ပွဲအပြီး ဟင်္သာတမြို့ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အခုလို ထပ်မံ တင်ပြထားပါတယ်။

မြန်မာနိုင်ငံရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာတဲ့ ကနဦး သတင်းကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ပူးတွဲဥက္ကဌ ဦးဌေးဦးကို ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်က ဟင်္သာတမြို့မှာ အပြတ်အသတ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဦးဌေးဦးကတော့ အရင် အန်အယ်လ်ဒီ ဝင်ရောက်မယှဉ်ပြိုင်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလို အခုရွေးကောက်ပွဲမှာလည်း သူ့အနေနဲ့ ထပ်ပြီး အနိုင်ရလိမ့်မယ်လို့ ထင်မိကြောင်း ကျနော် ဟင်္သတမြို့ကို ပြီးခဲ့သီတင်းပတ် ရောက်ခဲ့ချိန်တုန်းက ပြောကြားခဲ့ပါတယ်။

ကျနော်က ဒီမြို့ ဇာတိဖြစ်တော့ ဒီမြို့အကြောင်း ကောင်းကောင်းသိတယ်လို့ ဦးဌေးဦးက ပြောပါတယ်။ ထောင်နဲ့ချီပြီး အန်အယ်လ်ဒီကို တက်တက်ကြွကြွ စည်းရုံးထောက်ခံ နေသူတွေက ဒီမြို့က မဟုတ်ကြတဲ့အတွက် သူတို့ကို မြို့ခံလူထု အနည်းအပါးလောက်ကပဲ သဘောကျကြတာပါလို့လည်း သူက ဆိုပါတယ်။

ဦးဌေးဦးနဲ့ ယှဉ်ပြိုင်တဲ့ ဟင်္သာမြို့နယ်က အန်အယ်လ်ဒီ ကိုယ်စားလှယ်ကတော့ လူသိသိပ်မများတဲ့ အငြိမ်းစား ကျောင်းဆရာတစ်ဦးဖြစ်တဲ့ ဦးခင်မောင်ရီ ဖြစ်ပါတယ်။

အန်အယ်လ်ဒီ ပါတီကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါနဲ့အတူ မြန်မာတနိုင်ငံလုံးမှာ အမှန်တကယ်ပြောင်းလဲရေးအတွက် ဆိုပြီး သူတို့ချမှတ်ထားတဲ့ မူဝါဒကို ကိုင်စွဲပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အဲဒီမူဝါဒက ပြတ်ပြတ်သားသား မရှိလှပေမယ့် လုံလောက်တဲ့ မဲဆွယ်စည်းရုံးမှု ဖြစ်ပါတယ်။

ဦးဌေးဦးအတွက်ကတော့ အချိန်ကာလကို အလေးထားပြီး ဒေသတွင်းမှာ သူ့ပါတီအတွက် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခဲ့ပေမယ့် အမေ လို့ အများက အလေးထားအခေါ်ခံရတဲ့ အမျိုးသမီးတစ်ဦးရဲ့ ဆွဲဆောင်နိုင်မှု စွမ်းရည်ကိုတော့ ယှဉ်ပြိုင်အန်တုလို့ မရခဲ့ပါဘူး။ အံ့ဩစရာကောင်းလောက်အောင် ဦးဌေးဦး ရှုံးနိမ့်ခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Andre Malerba
Image caption ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးအပြီးမှာ အာရုံပြုဆုတောင်းခဲ့။

ကြီးမားတဲ့ မျှော်လင့်ချက်များ

ဒါပေမယ့် နောင်ဖြစ်လာမယ့် အန်အယ်လ်ဒီအစိုးရအတွက် ဒီဟင်္သာတ ဒေသမှာ စိမ်ခေါ်မှုတွေက အရှိန်အဟုန် ကြီးမားလှပါတယ်။ ပြည်သူတွေရဲ့ဆင်းရဲနွမ်းပါးမှု၊ ပျက်စီးယိုယွင်းနေတဲ့ အခြေခံအဆောက်အအုံတွေနဲ့ ခေတ်မမှီတဲ့ လယ်ယာ စိုက်ပျိုးထုတ်လုပ်ရေး ကဏ္ဍမှာ ချို့တဲ့နွမ်းပါးစွာ လုပ်ကိုင်နေရမှု စတာတွေ ဖြစ်ပါတယ်။ ဟင်္သတလိုပဲ မြစ်ဝကျွန်းပေါ်ဒေသ အတော်များများမှာလည်း ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းတွေ လုပ်ဖို့ အများကြီးလိုအပ်နေပါတယ်။

အန်အယ်လ်ဒီ ထောက်ခံအားပေးသူ နဲ့ ၈၈ မျိုးဆက်ကျောင်းသား တစ်ဦးဖြစ်တဲ့ ကိုဖြိုးမြင့်သိန်းကတော့ ဒေသန္တရအပေါ် စစ်တပ်ရဲ့ ချုပ်ကိုင်မှုတွေ လျှော့သွားအောင် အသေအချာလုပ်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးက အရာရှိတွေကို နေရာပြောင်းလဲပစ်ဖို့၊ စစ်တပ်ရဲ့အပေါင်းအပါ လူတစုကို အခွင့်အရေးပေးမှုတွေ ရပ်တန့်သွားစေဖို့ စတာတွေကို မြင်တွေ့လိုတယ်လို့လည်း သူက ပြောပါတယ်။ ဒါပေမယ့် ဒါတွေဟာ အချိန်ယူရမယ်ဆိုတာ သူလက်ခံပါတယ်လို့လည်း ဆိုပါတယ်။

တချို့ကုမ္ပဏီတွေက ဆန်နဲ့ နေကြာစေ့လို စားသုံးကုန်ပစ္စည်း ထုတ်လုပ် ရောင်းဝယ်မှုတွေကို လက်ဝါးကြီးအုပ် ချုပ်ကိုင်ခွင့်ရနေတယ်ဆိုတဲ့ တိုင်တန်းချက်တွေကိုလည်း ကြားနေရတယ်လို့ ကိုဖြိုးမြင့်သိန်းက ပြောပါတယ်။

တခြားဒေသခံ အမျိုးသမီးတစ်ဦးကတော့ လျှစ်စစ်မီး မှန်မှန်လာဖို့၊ စာသင်ကျောင်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့၊ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းလာဖို့အတွက် ဦးစားပေး ပြောဆိုခဲ့ပါတယ်။ ရန်ကုန်ကိုသွားတဲ့ မိုင် ၁၀၀ ခရီး မော်တော်ကားလမ်းဟာ လမ်းကြမ်းပြီး ၅ နာရီကျော်ကြာ မောင်းနှင်ရတာ ဖြစ်ပါတယ်။

Image caption လယ်သူမကြီး ဒေါ်မြင့်တင်က အခက်အခဲတွေ လျော့သွားမယ်လို့ မျှော်လင့်။

လူငယ်တွေကတော့ သူတို့မြို့ကနေ ထွက်ခွာပြီး ရန်ကုန်ကို သွားရောက် အလုပ်ရှာတာမျိုး မဖြစ်အောင်လို့ ဟင်္သာတမြို့မှာ သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိဖို့ လိုအပ်ကြောင်း ကမ်ပိန်းအတွင်းမှာ ပြောဆိုတင်ပြခဲ့ကြပါတယ်။

လယ်မြေအပိုင်မရှိဘဲ သူများလယ်မှာ အငှားလိုက် လုပ်ကိုင်နေရသူ ဒေါ်မြင့်တင်ကတော့ အန်အယ်လ်ဒီ အနိုင်ရရှိတာဟာ သူနဲ့ သူ့ခင်ပွန်းရဲ့ ဘဝမှာ ကြုံတွေ့နေရတဲ့ အခက်အခဲ သောကတွေကို လျော့နည်းသွားစေနိုင်လိမ့်မယ်လို့ သူတကယ် ယုံကြည်ကြောင်း ပြောပါတယ်။ ဒါပေမယ့် ဘယ်နည်းဘယ်ပုံ ပြောင်းလဲလာမယ်ဆိုတာတော့ သူအတိအကျ မပြောပြနိုင်ပါဘူး။

ဧရာဝတီမြစ်၀ ကျွန်းပေါ်ဒေသထက် ပိုပြီး ဆင်းရဲတဲ့နေရာတွေ မြန်မာနိုင်ငံထဲမှာ အများကြီး ရှိနေပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပထမဆုံးလုပ်ဆောင်ရမယ့် ကိစ္စကတော့ နှစ်ပေါင်း ၅၃ နှစ်ကြာ အုပ်ချုပ်ရေး ကဏ္ဍအားလုံးနီးပါးကို ချုပ်ကိုင်ခဲ့တဲ့ စစ်တပ်က အာဏာလွှဲပြောင်းပေးဖို့အတွက် ညှိနှိုင်းပြောဆိုရမှာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ မျှော်လင့်ချက်အပြည့်၊ ခွန်အားအပြည့်နဲ့ စည်းရုံးလှုံဆော်ခဲ့တဲ့ ကမ်ပိန်းအပြီး ပြည်သူတွေရဲ့အားပေးထောက်ခံမှု ရရှိခဲ့တဲ့ အန်အယ်လ်ဒီပါတီဟာ အတွေ့အကြုံမရှိသေးပေမယ့် တိုင်းပြည်ကို စီမံခန့်ခွဲ အုပ်ချုပ်ရတော့မှာ ဖြစ်ပါတယ်။

Image caption ဟင်္သာတ မြစ်ဝကျွန်းပေါ်ဒေသ။

ပျားရည်ဆမ်း ပျော်စရာကောင်းတဲ့ကာလက တိုတောင်းမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အစိုးရ ဖြစ်လာတဲ့ နှစ်အနည်းငယ်အတွင်း နိုင်ငံ့စီးပွားရေးကို ကိုင်တွယ်ဖြေရှင်းတဲ့အခါ စီးပွားရေး အလားအလာကောင်းတွေကို မျှော်လင့်နေမှာ ဖြစ်ပါတယ်။