အားလုံးပါဝင်တဲ့ အစိုးရသစ် ပေါ်လာရေး အိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး

  • 13 နိုဝင်ဘာ 2015
dassk_obama_reuters ဓာတ်ပုံ မူပိုင် Reuters
Image caption အားလုံး ပါဝင်တဲ့ အစိုးရ တစ်ရပ် ပေါ်ပေါက် လာဖို့ ပူးပေါင်း ဆောင်ရွက် ကြဖို့ အရေးကြီး။

မြန်မာ ပြည်သူတွေ ရဲ့ ဆန္ဒကို ထင်ဟပ် စေတဲ့ အားလုံး ပါဝင်တဲ့ အစိုးရ တစ်ရပ် ပေါ်ပေါက် လာဖို့ အရေးကြီးတယ် ဆိုပြီး အမေရိကန် သမ္မတ အိုးဘားမား နဲ့ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည် တို့ တယ်လီဖုန်း ကနေ တဆင့် ဆက်သွယ် စကား ပြောခဲ့ ကြတယ် ဆိုပြီး အိမ်ဖြူတော် က ထုတ်ပြန် ပါတယ်။

ခေါင်းဆောင် ၂ ဦး ဆွေးနွေး ကြတဲ့ အထဲမှာ ရွေးကောက်ပွဲ ရလာဒ် တွေ တရားဝင် အပြီးအစီး ထွက်လာ ခဲ့တဲ့ နောက်ပိုင်း နိုင်ငံရေး ပါတီ တွေ အနေနဲ့ အဲဒီ့ ရလာဒ် အပေါ် လေးစား လိုက်နာကာ အစိုးရသစ် ပေါ်ထွန်း လာရေးမှာ ပူးပေါင်း ဆောင်ရွက်ဖို့ လိုကြောင်းလည်း ပါဝင်ပါတယ်။

NLD ပါတီ ရဲ့ ရွေးကောက်ပွဲ အောင်နိုင် မှု အတွက် အမေရိကန် သမ္မတ အိုဘားမား က ဒေါ်အောင်ဆန်းစုကြည် ဆီကို ဖုန်းနဲ့ ဆက်သွယ်ပြီး ဂုဏ်ပြု စကား ပြောဆိုတုန်း ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။

သမ္မတ အိုဘားမား ဟာ လက်ရှိ သမ္မတ ဦးသိန်းစိန် ဆီကိုလည်း ဖုန်း နဲ့ သီးခြား ဆက်သွယ်ပြီး အလားတူ အကြောင်း အရာ တွေကို ဆွေးနွေး ခဲ့တယ် လို့ ဆိုပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရဲ့ အောက်တိုဘာ ၁၃ ရက် သောကြာနေ့ က အထိ ထုတ်ပြန် ပေးခဲ့တဲ့ တရားဝင် မဲ အနိုင်အရှုံး စာရင်း တွေ အရ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဟာ အမျိုးသားလွှတ်တော် ၁၃၆ နေရာ နဲ့ ပြည်သူ့ လွှတ်တော် ၂၄၇ နေရာ ရရှိ ခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့ကြောင့် ပြည်ထောင်စု လွှတ်တော် မှာ စုစုပေါင်း ၃၈၃ နေရာ ရရှိ ထားပြီ ဖြစ်တဲ့ NLD ပါတီ ဟာ တပါတီတည်း သီးသန့် အစိုးရ ဖွဲ့နိုင်ဖို့ အနည်းဆုံး လိုအပ်တဲ့ ခုံနေရာ အရေအတွက် ကိုလည်း ကျော်လွန် ရရှိ ခဲ့ပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ