ပဲရစ်တိုက်ခိုက်မှု ၁၂၀ကျော်သေဆုံး

  • 14 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption အနည်းဆုံး ၁၂၀ကျော်သေဆုံးခဲ့

နိုဝင်ဘာလ၁၃ရက်နေ့ ညနေပိုင်း က ပြင်သစ် နိုင်ငံပဲရစ်မြို့မှာ သေနတ်ပစ်မှု၊ ဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် ၁၂၀ကျော်သေဆုံးခဲ့ရပါတယ်။

သေနတ်သမားတွေဟာ ဘာတာကလန်ဂီတဖျော်ဖြေပွဲခန်းမမှာ ပစ်ခတ်ခဲ့ပြီး ဓါးစာခံလူအချို့ကို ထိန်းသိမ်းခဲ့ပါတယ်။ အဆိုပါ တေးဂီတဖျော်ဖြေပွဲခန်းမက ပစ်ခတ်တိုက်ခိုက်မှုအတွင်း လူ၈၀သေဆုံးခဲ့ရပါတယ်။

Stade de France အားကစားကွင်းမှာလည်း ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီး ပဲရစ်မြို့ပေါ် က အခြားနေရာ၅နေရာမှာလည်း ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့လို့ လူအတော်များများ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတဲ့ သေနတ်သမား၈ယောက် သေဆုံးခဲ့ပြီးကြောင်း သတင်းတွေရရှိပါတယ်။

ပဲရစ်မြို့မှာ နေထိုင်ကြတဲ့သူတွေကို အပြင်မထွက်ကြဖို့ အမိန့်ထုတ်ပြန်ထားပြီး အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။

အခု အကြမ်းဖက် တိုက်ခိုက်မှုတွေဟာ အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့ရဲ့ လက်ချက် ဖြစ်ကြောင်း ပြင်သစ် သမ္မတ ဖရန်ဆွာ ဟော်လွန်း က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

အမေရိကန်သမ္မတအိုဘာမားအပါအဝင် ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေက ပဲရစ်မြို့က ပစ်ခတ်တိုက်ခိုက်မှုတွေကို အပြင်းအထန်ရှုံ့ချလိုက်ပါတယ်။

ဒီတိုက်ခိုက်မှုတွေဟာ လူသားတွေအပေါ်မှာ ရာဇဝတ်မှုကျူးလွန်တာ ဖြစ်ကြောင်းပြောကြားခဲ့ကြပြီး ပြင်သစ်နိုင်ငံက လိုအပ်တဲ့အကူအညီတွေ ပံ့ပိုးပေးသွားမှာဖြစ်ကြောင်း အသီးသီး ပြောကြားခဲ့ကြပါတယ်။