ပြင်သစ်မှာလုပ်မယ့် အားကစားပွဲတွေရွေ့ဆိုင်း

  • 14 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် AP
Image caption ဘောလုံးပွဲအပြီး အပြင်ထွက်မရလို့ ပရိသတ်တွေ ကွင်းထဲဝင်လာ

သောကြာနေ့ ပဲရစ်တိုက်ခိုက်မှုနောက်ပိုင်း ပြင်သစ်မှာကျင်းပမယ့်အားကစားပွဲတွေကို လုံခြုံရေးအရ ရွေ့ဆိုင်း လိုက်ပြီဖြစ်ပါတယ်။

ပြင်သစ်နဲ့ဂျာမနီကစားခဲ့ကြတဲ့ ချစ်ကြည်ရေးဘောလုံးပွဲကျင်းပရာ Stade de France ကွင်းကြီးကိုတိုက်ခိုက်ဖို့အသေခံဗုံးခွဲသမား၃ဦး ဘောလုံးကွင်းကြီးအပြင်ဖက်မှာ ပေါက်ကွဲမှုအတွင်းသေဆုံး ခဲ့ပါတယ်။

အကြမ်းဖက်သမားတွေတိုက်ခိုက်ခဲ့တဲ့အဓိကပစ်မှတ်တွေထဲမှာ Stade de France ဘောလုံးကွင်းကြီးလည်းတစ်ခုပါဝင်ပါတယ်။ကွင်းအပြင်မှာ ပေါက်ကွဲမှုဖြစ်ချိန်က ပြင်သစ်သမ္မတ Francois Hollande လည်းဘောလုံးကွင်းကြီးထဲ ဘောလုံးပွဲကြည့်နေပါတယ်။

အဲဒီပွဲမှာ အိမ်ရှင်ပြင်သစ် ကမ္ဘာ့ချန်ပီယံဂျာမနီကို ၂ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ပွဲအပြီးမှာ အပြင်ထွက်လို့မရတဲ့အတွက် ပရိတ်သတ်တွေ ကွင်းထဲဝင်ပြီး အခြေနေကိုစောင့်နေခဲ့ရပါတယ်။ လာမယ့်အင်္ဂါနေ့မှာ လန်ဒန် ဝင်ဘလေကွင်းမှာကစားမယ့် ပြင်သစ်နဲ့ အင်္ဂလန်အသင်း ချစ်ကြည်ရေးပွဲကိုတော့ ကစားမယ်လို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ကပြောထားပါတယ်။ ကမ္ဘာအနှံ့အပြားမှာပြုလုပ်တဲ့ အားကစားပွဲတွေမှာ ပြင်သစ်မှာ သေဆုံးခဲ့တဲ့ အပြစ်မဲ့သူတွေ အတွက် ဝမ်းနည်းချင်းအထိမ်းမှတ်များပြုလုပ်ခဲ့ကြပါတယ်။