ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ အပြတ်အသတ် အနိုင်ရ

  • 16 နိုဝင်ဘာ 2015
Image caption အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရရှိခဲ့။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာတဲ့ ရွေးကောက်ပွဲ ရလဒ်တွေ အားလုံး နီးပါး ထွက်ပေါ် လာခဲ့ရာမှာ နိုဝင်ဘာ ၁၅ ရက် တနင်္ဂနွေ ညနေပိုင်းအထိ ကြေညာပြီးခဲ့တဲ့ ရလဒ်တွေ အရ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ထောင်စု အဆင့် အမျိုးသားနဲ့ ပြည်သူ့ လွှတ်တော် နေရာတွေမှာ ၈၀% အနိုင်ရရှိခဲ့ပါတယ်။

တစ်ပါတီတည်း အစိုးရ ဖွဲ့နိုင်ဖို့ လိုအပ်တဲ့ အမတ်နေရာ အရေအတွက်က ပြည်ထောင်စု အဆင့် လွှတ်တော် ၂ ရပ်ပေါင်းမှာ ၃၂၉ နေရာဖြစ်ပြီး အန်အယ်လ်ဒီက ၃၆၉ နေရာ ရရှိထားတဲ့အတွက် လွတ်လွတ်ကျွတ်ကျွတ် တစ်ပါတီတည်း အစိုးရဖွဲ့နိုင်တော့မှာ ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဟာ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော် တွေမှာတော့ အမတ်နေရာ ၇၅% အနိုင်ရ ရှိခဲ့ပါတယ်။

အခုဆိုရင် ရွေးကောက်ပွဲ ကော်မရှင်က ကြေညာဖို့ ပြည်ထောင်စု အဆင့် အတွက် စုစုပေါင်း ၃ နေရာနဲ့ တိုင်းနဲ့ ပြည်နယ် လွှတ်တော် ၄ နေရာ အတွက်သာ ရလာဒ် ထွက်လာဖို့ လိုပါတော့တယ်။

NLD ပါတီ နေရာ အများစု ရရှိ လိုက်တဲ့ ပြည်ထောင်စု လွှတ်တော်သစ် မပေါ်ပေါက် ခင်မှာပဲ လက်ရှိ လွှတ်တော် သက်တမ်း ရဲ့ အဆုံးသတ် ၁၃ ကြိမ်မြောက် အစည်းအဝေး တွေကို နိုဝင်ဘာ ၁၆ ရက် တနင်္လာနေ့ မှာ ပြန်လည် စတင် ဖို့ စီစဉ်ထား ပါတယ်။

အဲဒီ အစည်းအဝေးတွေမှာ ဝန်ကြီး ဌာနတွေရဲ့ နှစ်လယ် အသုံးစားရိတ် ဘတ်ဂျက်တွေကို သုံးသပ် အတည်ပြု ဖို့က လွဲပြီး အကြိတ်အနယ် ဆွေးနွေးရမယ့် ကိစ္စမျိုးတွေ ရှိမနေဘူးလို့ အမျိုးသားလွှတ်တော် အမတ် ဦးဖုန်းမြင့်အောင်က ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ