ဝန်ကြီးဖြစ်ရေး စိတ်ကူး မယဉ်ဖို့ ဒေါ်စုပြော

  • 16 နိုဝင်ဘာ 2015
Image caption တနင်္လာနေ့မှာ ပြန်စတဲ့ ပြည်သူ့ လွှတ်တော် အစည်း အဝေး အပြီး ပြောကြား

NLD ပါတီ ကိုယ်စားလှယ်တွေ အနေနဲ့ NLD ပါတီ အစိုးရ ဖွဲ့တဲ့ အခါ ဝန်ကြီး ဖြစ်ရေး စိတ်ကူး မယဉ် ကြဖို့ ဒေါ်အောင်ဆန်း စုကြည်က ပြောကြား လိုက်ပါတယ်။

တနင်္လာနေ့မှာ ပြန်လည် စတင်တဲ့ ပြည်သူ့ လွှတ်တော် အစည်း အဝေး အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ပါတီ ကိုယ်စားလှယ်တွေကို တွေ့ဆုံပြီး အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ပြည်သူ့ လွှတ်တော် အစည်း အဝေး မှာတော့ ထူးထူး ခြားခြား ဆွေးနွေး တာ မရှိခဲ့ ပေမဲ့ အစည်း အဝေး အပြီးမှာ၊ လွှတ်တော် အစည်း အဝေး တက်ရောက် လာတဲ့ NLD ပါတီ ကိုယ်စားလှယ်တွေကို ဒေါ် အောင်ဆန်းစုကြည် က I-12 အဆောင်မှာ ခေါ်ယူ တွေ့ဆုံ ခဲ့ တာ ဖြစ်ပါတယ်။

ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော်ရဲ့ နောက်ဆုံး ကျင်းပတဲ့ အစည်း အဝေး တက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော် ဝန်ထမ်း နှစ်ဦးက ဂုဏ်ပြုတဲ့ အနေနဲ့ နှင်းဆီပန်း ပေးခဲ့ သလို့ ကြံခိုင်ဖွံဖြိုးရေး ပါတီက ကိုယ်စားလှယ် အချို့ ကလဲ ဝမ်းပန်း တသာ လာ ရောက် နှုတ်ဆက် တာကို တွေ့ရပါတယ်။

ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ ပျက်ကွက်သူ မရှိ အားလုံး တက်ရောက် ခဲ့ကြ ပါတယ်။

ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက အစည်း အဝေး တက်ရောက် လာတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ကို နှုတ်ခွန်း ဆက် စကား ပြောခဲ့ ပါတယ်။

သူရဦးရွှေမန်း က ၂ လခန့်သာ ကျန်ရှိတဲ့ လွှတ်တော် အစည်း အဝေးတွေ မှာလည်း နိုင်ငံတော်နဲ့ ပြည်သူ တွေ အတွက် စေတနာ ပါပါ သစ္စာ ရှိရှိ နဲ့ဆောင်ရွက်ပေး ကြဖို့ကို တိုက် တွန်းသွားပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော် အစည်း အဝေး ဟာ ၂၀၁၆ ဇန်နဝါရီ ၃၀ ရက် နေ့မှာ ၅ နှစ်ပြည့်မှာ ဖြစ်တဲ့ အတွက် သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။

မကြာသေးခင်က ကျင်းပ ခဲ့တဲ့ ရွေးကောက်ပွဲ တွေကနေ အနိုင် ရလာတဲ့ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ စတင်မှာ ဖြစ်ပါတယ်။