ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်တွေ အမှုဖွင့်ခံရ

  • 16 နိုဝင်ဘာ 2015
NLD Party Supporters ဓာတ်ပုံ မူပိုင် AFP
Image caption နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ NLD အပြတ် အသတ် အနိုင်ရ

နေပြည်တော် ဒက္ခိဏသီရီ မြို့နယ်မှာ ရွေးကောက်ပွဲ အနိုင်ရထားတဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ကိုယ်စားလှယ်လောင်းကို မဲရုံမှူးက ရွေးကောက်ပွဲ ကျင်းပတဲ့ မဲရုံအတွင်း နှောင့်ယှက်မှုနဲ့ အမှုဖွင့်လိုက် ပါတယ်။

အမှုဖွင့် ခံရသူက အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အစိုးရ ဝန်ကြီး ဦးမြင့်လှိုင်ကို နိုင်ခဲ့သူ ဦးသန့်စင်ထွန်းဖြစ်ပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင် တုန်းက ပြိုင်ဖက် ကြံ့ခိုင်ရေး ပါတီက ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းတွေ ချိုးဖောက်တယ် ဆိုပြီး သူက အမှုဖွင့် တိုင်ကြားခဲ့ ပါတယ်။

ပြစ်မှုထင်ရှားရှင်တော့ ကိုယ်စားလောင်း ဖြစ်က ရုပ်သိမ်း ခံရနိုင် ပါတယ်။

ဦးသန့်စင်ထွန်းကတော့ ရွေးကောက်ပွဲ ကော်မရှင်က ညွှန်ကြားထားတဲ့ အတိုင်း မဲရုံ ဝန်ထမ်းတွေက စနစ်တကျ မဆောင်ရွက်တဲ့အတွက် မဲရုံအတွင်းမှာ ဖြစ်ပျက် နေပုံတွေကို မှတ်တမ်းတင်ဖို့ ဓါတ်ပုံ ရိုက်ခဲ့တာကို မဲရုံမှူးက အမှုဖွင့်တာလို့ ပြောပါတယ်။

သူ့အနေနဲ့ကတော့ လာရောက် မဲဆန္ဒရှင်တွေကို အနှောင့်အယှက် ဖြစ်အောင် လုပ်တာ မရှိခဲ့သလို မဲရုံဝန်ထမ်းတွေကို ဝတ္တရားနှောင့်ယှက်လိုတဲ့ စိတ်နဲ့ လုပ်ခဲ့တာလည်း မဟုတ်ဘူးလို့ သူက ပြောပါတယ်။

မဲရုံဝန်ထမ်းတွေ ကိုယ်တိုင် လျှို့ဝှက် မဲဆန္ဒပေးတဲ့ အခန်းနားမှာ နေတာ၊ မဲပေးပြီးမပြီး လက်သန်းမှာ စစ်ဆေးမယ့် ဝန်ထမ်း မရှိတာ စတဲ့ မဲရုံဝန်ထမ်းတွေ လုပ်ရမယ့် တာဝန်တွေကို ပျက်ကွက်ခဲ့လို့ သူတို့က ပြောရတာ ဖြစ်တယ်လို့ ဦးသန့်စင်ထွန်းက ပြောပါတယ်။

သူ့ဘက်ကလည်း မဲရုံမှူးနဲ့ ကော်မရှင် အဖွဲ့ဝင် တစ်ယောက်က မဲရုံအတွင်းမှာ မဲဆွယ်တယ် ဆိုပြီး ရဲစခန်းမှာပြန်လည်အမှုဖွင့်ထား တယ်လို့သိရပါတယ်။

ဒီလိုအပြန်အလှန်စွဲဆိုမှုတွေ ရှိပေမဲ့ တရားရုံးက ရက်ချိန်းပေး ဆင့်ခေါ်တာမျိုးမရှိသေဘူးလို့ ဦးသန့်စင်ထွန်း ကပြောပါတယ်။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်က အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့ ရခိုင်အမျိုးသားပါတီက ဦးကျော်ရွှေကိုလည်း ပြိုင်ဘက် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ခင်က တရားစွဲဆိုထား ပါတယ်။

ကြိုတင်မဲတွေ ကောက်ရာမှာ ကျေးရွာ ကော်မရှင်တွေက စာအိတ်မှာ ချိတ်ပိတ်တာ မသေချာတဲ့အတွက် မလျော် ဩဇာ သုံးတယ်ဆိုပြီး တရားစွဲဆိုတာ ဖြစ်ပါတယ်။

ရဲစခန်းကတော့ အမှုဖွင့်ထားပြီး လာမယ့် ၂၃ ရက်နေ့မှာ စစ်ဆေးမယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ