အပစ်ရပ်ရေး စာချုပ် အကောင်အထည်ဖေါ်ရေး ဆွေးနွေး

  • 18 နိုဝင်ဘာ 2015
Image caption အပစ်ရပ်ရေး စာချုပ်ပါ သဘောတူချက်အရ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ကို ရက်ပေါင်း၆၀ အတွင်း အပြီးရေးဆွဲရမှာဖြစ်

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) ကို နေပြည်တော်မှာ နိုဝင်ဘာလ ၁၇ရက်က ကျင်းပခဲ့ရာမှာ တိုင်းရင်းသား လက်နက်ကိုင် ၈ဖွဲ့ လက်မှတ် ရေးထိုးထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ကို လွှတ်တော်မှာ အတည်ပြုနိုင်ရေး ကိစ္စ၊ NCA စာချုပ်ပါ သဘောတူချက် ဖြစ်တဲ့ ဖမ်းဆီးခံ ကျောင်းသားတွေနဲ့ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး ကိစ္စ၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) ဖွဲ့စည်းရေးတို့ကို ဆွေးနွေးခဲ့ပါတယ်။

ဖမ်းဆီးခံ ကျောင်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေးကိစ္စနဲ့ ပတ်သက်လို့ လက်ရှိ သမ္မတ ဉီးသိန်းစိန်ရဲ့ သမ္မတ သက်တမ်းအတွင်းလွတ်ငြိမ်းချမ်းသာခွင့်ကို အနှေးနဲ့ အမြန် ဆောင်ရွက်သွားမယ်လို့ အစိုးရဘက်က ဒီအစည်းအဝေးမှာ ပြောခဲ့တာဟာ ထူးခြားချက်တရပ် ဖြစ်တယ်လို့ ကျောင်းသား တပ်မတော် ဥက္ကဌ ဦးသံခဲ က ဘီဘီစီကို ပြောပါတယ်။

တနိုင်ငံလုံး အပစ်ရပ်ရေး စာချုပ်ကို တိုင်းရင်းသားတွေဘက်က လွှတ်တော်ကို တင်ပြပြီး လွှတ်တော်ရဲ့ အတည်ပြုချက် ရယူဖို့ကို ဒီအစည်းအဝေးမှာ ဆွေးနွေးခဲ့ပေမယ့် သဘောတူညီမှု မရတဲ့အတွက် ဒီကနေ့ အောက်တိုဘာလ ၁၈ရက်နေ့မှာ ဆက်လက်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

အပစ်ရပ်ရေး စာချုပ်ပါ သဘောတူညီချက် အရ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ကို ရက်ပေါင်း ၆၀ အတွင်း အပြီး ရေးဆွဲရမှာ ဖြစ်သလို ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲတွေ စတင်ရမှာ ဖြစ်ပါတယ်။