ရိုဟင်ဂျာနိုင်ငံသား ဖြစ်ခွင့် ကုလတောင်းဆို

  • 19 နိုဝင်ဘာ 2015
 Muslims in Rakhine State ဓာတ်ပုံ မူပိုင် BBC World Service
Image caption ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ မွတ်ဆလင် အများအပြားရှိနေ

ကုလ သမဂ္ဂ လူ့အခွင့်အရေး ကော်မတီ က မြန်မာ နိုင်ငံမှာ ရိုဟင်ဂျာ တွေရဲ့ အခွင့် အရေးနဲ့ ပတ်သက်လို့ ထောက်ပြ ဝေဖန်တဲ့ ဆုံးဖြတ်ချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

အဲဒီထဲမှာ ရိုဟင်ဂျာ တွေလူ့အခွင့်အရေး ချိုးဖောက် ခံရမှုတွေကို ထောက်ပြထားပြီး နိုင်ငံသားဖြစ်ခွင့် ပေးဖို့တောင်းဆိုထားတာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပ နိုင်ငံတွေ အပြင် အခြား အနောက်နိုင်ငံ တွေက တင်သွင်းတဲ့ ဆုံးဖြတ်ချက် ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ လူ့အခွင့်အရေး ကော်မတီက ထောက်ခံ အတည်ပြု ခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ မဖြစ်မနေလိုက်နာရမယ်ဆိုတဲ့ နှောင်ဖွဲ့မှု ရှိတဲ့ ဆုံးဖြတ်ချက်မျိုးတော့ မဟုတ်ပါဘူး။

ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်တင်က လူ့အခွင့်အရေး ကော်မတီရဲ့တောင်းဆိုချက်ကို လက်မခံဘဲ ကန့်ကွက် ခဲ့ပါတယ်။

ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်လို့ နှုတ်ဆိတ် နေခဲ့တယ်လို့ ဝေဖန်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အစိုးရသစ် အနေနဲ့ ဘယ်လို ကိုင်တွယ် ဆောင်ရွက်ဖွယ် ရှိပါသလဲ ဆိုတာကိုလည်း လူအများက စိတ်ဝင်တစား ရှိနေပါတယ်။

အာရှ လူ့အခွင့်အရေး ကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးကတော့ ဒေါ်အောင်ဆန်း စုကြည် အနေနဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေပါ ပြဌာန်းချက်တွေ နဲ့အညီ လုပ်ဆောင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

ဒီနေရာမှာ ရိုဟင်ဂျာဆိုတဲ့ စကားအသုံး အနှုန်းကို လက်ခံ မခံ ဆိုတာပဲ မူတည်လိမ့်မယ်လို့လည်း သူက ပြောပါတယ်။

ရိုဟင်ဂျာ အရေး ဆောင်ရွက်တဲ့ အခါမှာ ဒေါ်အောင်ဆန်း စုကြည် ခေါင်းဆောင်တဲ့ အစိုးရ အနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေ အတိုင်း လိုက်နာ ဆောင်ရွက်ဖို့မှာ စဉ်းစားစရာတွေ အများကြီး ရှိကြောင်းနဲ့ ဒေသခံ ပြည်သူလူထုရဲ့ သဘောထားက အဓိက အရေးပါတယ်လို့ ဦးမင်းလွင်ဦးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ