ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်း ပူးတွဲကြေညာချက်ထုတ်ပြန်

  • 19 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption အမျိုးသား ရင်ကြားစေ့ရေး ဆောင်ရွက်ဖို့ သူရ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သဘောတူ

နိုဝင်ဘာလ ၁၉ ရက်နေ့က ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ နေပြည်တော်မှာ ၂ နာရီကျော်ကြာ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။

တွေ့ဆုံဆွေးနွေးရာမှာ ဒေါ်အောင်ဆန်းစုကြည် ဘက်က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်နဲ့ ဒေါက်တာ ဇော်မြင့်မောင်တို့ ပါသလို သူရ ဦးရွှေမန်း ဘက်ကလဲ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဌ ဦးနန္ဒကျော်စွာ နဲ့ ဥဒေကြမ်း ကော်မတီဥက္ကဌ ဦးတီခွန်မြတ် တို့လည်း ပါဝင်ပါတယ်။

လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဥက္ကဌရုံးခန်းမှာတွေ့ဆုံခဲ့ကြပြီး ဆွေးနွေးမှု နဲ့ ပတ်သက်ပြီးအချက် ၅ ချက်ပါတဲ့ ပူးတွဲကြေညာချက်ကိုထုတ်ခဲ့ပါတယ်။

ကြေညာချက်ထဲမှာ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြလုပ်ခဲ့တဲ့ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲမှ ထွက်ပေါ်လာတဲ့ ပြည်သူ့ ဆန္ဒကို တည်ငြိမ် အေးချမ်းစွာ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ပူးပေါင်း ဆောင်ရွက်မှာ ဖြစ်ကြောင်း ဖော်ပြပါရှိပါတယ်။

လွှတ်တော် ဖွဲ့စည်းရာမှာ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဦးတည် ဆောင်ရွက်ရေး ကိုလည်း ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

မဲပေးခဲ့ကြတဲ့ မဲဆန္ဒရှင် တို့ရဲ့ ရွေးချယ် တာဝန်ပေးမှု အရ လွှတ်တော် အသစ် ခေါ်ယူရေး အတွက် ဆက်လက် ပူပေါင်း ဆောင်ရွက်ဖို့ နှစ်ဘက် သဘောတူညီမှု ရရှိခဲ့ကြောင်း ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ