တပ်မတော်က ရှမ်းမြောက်ကို မတိုက်တော့ဘူးလို့ဆို

  • 20 နိုဝင်ဘာ 2015
Shan Refugee ဓာတ်ပုံ မူပိုင် AFP
Image caption ရှမ်းပြည်နယ်က တိုက်ပွဲတွေကြောင့် လူအမြောက် အမြား နေရပ်စွန့်ခွာထွက်ပြေး

SSPP/ SSA ရှမ်းပြည် တိုးတက်ရေး ပါတီ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းကို အစိုးရတပ်ဖက်က ထိုးစစ်ဆင် တိုက်ခိုက် နေတာတွေ ရပ်ဆိုင်းမယ်လို့ တပ်မတော် ဘက်က ပြောကြောင်း SSPP က ပြောပါတယ်။

မတိုက်ခိုက်ဖို့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်(ရလခ)က သူ့ရှေ့တန်း တပ်တွေကို ညွှန်ကြားလိုက်ကြောင်း အစိုးရ တပ်ဖက်က SSPP/ SSA ကို နိုဝင်ဘာ ၁၉ ရက်နေ့က ဖုန်းဆက်ပြီး အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အပစ်ရပ်ပြီးဆွေးနွေးကြဖို့ကိုလည်း အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဦးစီး အရာရှိ G1 က SSPP/SSA ကို ဖုန်းဆက်ခဲ့တဲ့ အပြင် ငြိမ်းချမ်းရေး တာဝန်ခံ လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုး ကလည်း ဖုန်းဆက်ခဲ့တယ်လို့ SSPP/ SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဆုက ဘီဘီစီကို အတည်ပြုပြော ပါတယ်။

တနင်္လာနေ့မှာ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးကြဖို့လည်း အစိုးရဘက်က ကမ်းလှမ်းခဲ့ ပါတယ်။

အစိုးရ ဘက်က ဖုန်းဆက်အကြောင်းပြီးတဲ့နောက်မှာ တိုက်ပွဲတွေ မဖြစ်ပေမဲ့ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း ရှေ့တန်းတပ်ဖွဲ့တွေ အားလုံးကို အသိပေး အကြောင်းကြားဖို့ကတော့ အချိန်ယူရဦးမယ်လို့ ဗိုလ်မှူးစိုင်းဆုက ပြောပါတယ်။

တွေ့ဆုံ ဆွေးနွေးကြတဲ့အခါမှာလည်း အစိုးရတပ်တွေ နောက်တန်း မူလနေရာကို ပြန်ဆုတ်သွားဖို့နဲ့ အရပ်သားတွေကို အကူအညီပေးဖို့ တို့ကို အဓိကထား တောင်းဆို သွားမယ်လို့ ဗိုလ်မှူးစိုင်းဆု ကပြောပါတယ်။

အစိုးရဘက်က ချိန်းထားတဲ့ တနင်္လာနေ့မှာ တွေ့ဆုံကြဖို့ ကိစ္စကို SSPP/ SSA အဖွဲ့အတွင်းမှာ ဆွေးနွေးပြီးမှ အကြောင်းပြန်မယ်လို့ ဗိုလ်မှူးစိုင်းဆုက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ