တိုးတက်တယ်ဆိုတဲ့ အစိုးရစီမံကိန်းတွေကို ဝေဖန်

  • 24 နိုဝင်ဘာ 2015
Myanmar Parliament ဓာတ်ပုံ မူပိုင် AFP
Image caption အစိုးရစီမံကိန်းတွေ တိုက်တက်တယ် ဆိုတာ လက်တွေနဲ့ကွာဟာနေတယ်လို့ ဝေဖန်နေ

ပြည်ထောင်စု အစိုးရက ပေးပို့လာတဲ့ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ဒုတိယ ၆ လပတ်ရဲ့ စီမံကိန်းများနဲ့ ဘဏ္ဍာရေး ဖွံဖြိုးတိုးတက်မှု ဆောင်ရွက်ချက် အစီရင်ခံစာမှာပါတဲ့ အချက်တွေကို လွှတ်တော်ကိုယ်စားလှယ်တွေက ဝေဖန်ခဲ့ ကြပါတယ်။

နိုင်ငံရေးနဲ့ စီးပွားရေး တိုးတက်မှုတွေနဲ့ပတ်သက်ပြီး ဖော်ပြထားတဲ့ အချက်အလက်တွေ ကိန်းဂဏန်းတွေဟာ အမှန်တကယ် ဖြစ်နေတာ တွေနဲ့ လွဲချော်နေတယ်လို့ ဝေဖန်ကြတာ ဖြစ်ပါတယ်။

အစီရင်ခံစာမှာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ၂၀၁၄-၁၅ ဘဏ္ဍာနှစ်ရဲ့ ဒုတိယ ၆လပတ်မှာ ငွေကြေးဖောင်းပွမှုဟာ ၅ ရာခိုင်နှုန်း ကျော်သာ ရှိတဲ့အပြင် စီးပွားရေး တိုးတက်နှုန်းဟာ ၈ ဒဿမ ၅ ရာခိုင်နှုန်း ရှိတယ်လို့ ဖော်ပြထား ပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေက ပြီးခဲ့တဲ့နှစ်က တစ်အိတ်ကို သုံးသောင်းအောက်ပဲ စျေးရှိတဲ့ ဆန်တစ်အိတ်ဟာ တစ်နှစ်ကျော် အချိန်မှာ လေးသောင်းအထိ စျေးတက်ခဲ့ပြီး တစ်နှစ် အတွင်း အမေရိကန် ဒေါ်လာစျေး သိသိသာသာ တက်သွားခဲ့တာတွေကို ဥပမာပေး ပြီး အစိုးရဘက်က ပြောဆိုမှုတွေ လွဲချော်နေတယ်လို့ ထောက်ပြခဲ့ပါတယ်။

တခြားလွှတ်တော် အမတ် တချို့ကလည်း အခုဘဏ္ဍာနှစ် ဒုတိယ ၆ လပတ်အတွင်း ကောက်ခံရရှိတဲ့ ဘဏ္ဍာငွေဟာ ပြီးခဲ့တဲ့နှစ် အလားတူ အချိန်နဲ့ နှိုင်းယှဉ်ရင် ကျပ်ငွေ ဘီလျံ ၈၀၀ ကျော် လျော့နည်း နေတာဟာလည်း စီးပွားရေး အမှန်တကယ် တိုးတက်မလာဘဲ ကျဆင်းသွားတာ ကိုပြတယ်လို့ ပြောကြပါတယ်။

အမျိုးသားစီမံကိန်းနဲ့ စီးပွားရေး ဖွံဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကတော့ သူတို့အနေနဲ့ ငွေကြေးဖောင်ပွမှုနှုန်းကို ကုန်ပစ္စည်း တစ်ခု နှစ်ခု အပေါ်မှာအခြေခံ တွက်ချက်တာမဟုတ်ဘဲ ကုန်ပစ္စည်း တစ်ရာကျော် အပေါ်မှာ အခြေခံတွက်ချက် ထားတာလို့ပြောဆို ပါတယ်။

အကျဉ်းသားတွေကို လွှတ်ပေးတာ မီဒီယာ လွတ်ခွင့်ပေးတာ ငြိမ်းချမ်းရေး လက်မှတ်ထိုးနိုင်တာတွေကို နိုင်ငံရေးပြုပြင်ပြောင်းလဲရေးပိုင်းမှာ တိုးတက်မှု အဖြစ် ဖော်ပြထားပေမဲ့ နိုင်ငံရေး အကျဉ်းသား အနည်းအပါးပဲ လွတ်မြောက်တာ၊ ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ဆက်ရှိနေသေးတာတွေကို ကြည့်ရင် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို မျက်ကွယ်ပြုနေတဲ့ သဘောပဲလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ခင်စန်းလှိုင်က ထောက်ပြ ပါတယ်။

အစီရင်ခံစာပါ ကိန်းဂဏန်းတွေဟာ အရင်အစိုးရတွေ အတိုင်းပဲ စာရွက်ပေါ်မှာသာ တိုးတက်နေပြီး တကယ် အခြေအနေမှန်နဲ့ လွဲချော် နေတာကြောင့် ဒါကို နိုင်ငံတော် အကြီးအကဲက ကြည့်တဲ့အခါ တိုင်းပြည် တိုးတက်နေတယ်လို့ ယူဆမှာ စိုးရိမ်လို့ အခုလို ဝေဖန် ထောက်ပြရတာလို့ ဆွေးနွေးကြသူတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ