အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့

ဓာတ်ပုံ မူပိုင် un
Image caption နိုဝင်ဘာလ ၂၅ရက်နေ့ကို အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့အဖြစ် ကုလသမဂ္ဂက ၁၉၉၉ ခုနှစ်က စသတ်မှတ်ခဲ့

ဒီကနေ့ နိုဝင်ဘာ ၂၅ ရက်နေ့ ကို “အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှု ပပျောက်ရေး နိုင်ငံတကာနေ့” အဖြစ် ကုလသမဂ္ဂအဖွဲ့ကြီးက သတ်မှတ် ထား ပါတယ်။

မြန်မာနိုင်ငံမှာတော့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားရာ တိုင်းရင်းသား ဒေသတွေမှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတဲ့ ပြဿနာတွေ ရှိနေဆဲပဲလို့ လူ့အခွင့်အရေး လှုပ်ရှားကြတဲ့ အရပ်ဖက်အဖွဲ့တွေက အစဉ်တစိုက် ပြောနေကြပါတယ်။

“Women’s League of Burma” အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ)ရဲ့ မကြာသေးခင်က ထုတ်ပြန်ချက်ထဲမှာ တိုင်းရင်းသား ဒေသတွေမှာ အစိုးရစစ်တပ်ကနေ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန် စော်ကားတာတွေ လုပ်ဆောင်နေကြ တာကို သက်ဆိုင်ရာ အာဏာပိုင်တွေက အပြစ်ပေး အရေးယူဖို့ ပျက်ကွက်နေတဲ့အတွက် အမှုတွေ တိုးတက် များပြား လာနေတယ် ဆိုပြီး စွပ်စွဲ ဝေဖန် ထားပါတယ်။

လက်ရှိ အခြေအနေမှာ အစိုးရတပ်ဖွဲ့ဝင်တွေ ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဟာ ပြည်တွင်းစစ် မဖြစ်ပွားတဲ့ ဒေသတွေမှာပါ တွေ့ရှိနေရပြီး အကျူးလွန် ခံရသူတွေထဲမှာ အသက်မပြည့် သေးတဲ့ ကလေးသူငယ်အရွယ် မိန်းကလေးငယ်တွေပါ ပစ်မှတ်ထား ခံနေရတယ် လို့ Women’s League of Burma အဖွဲ့ ရဲ့ မူဝါဒရေးရာ ဦးဆောင် အဖွဲ့ဝင် တစ်ဦး ဖြစ်တဲ့ မယ်စုစုဆွေ က ဘီဘီစီကို ပြောပါတယ်။

စစ်မှုထမ်းတွေ ကျူးလွန်တဲ့ ပြစ်မှုတွေ ကို အရပ်ဖက် ခုံရုံးတွေ မှာ အမှုဖွင့် အရေးယူ ဆောင်ရွက် နိုင်ခြင်း မရှိတဲ့ ဥပဒေ အတားအဆီးမျိုး ရှိနေသလို အစိုးရ အပါအဝင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် တို့လို အဖွဲ့အစည်းတွေ အနေနဲ့လည်း စစ်တပ်ရဲ့ ကျုးလွန်မှုတွေကို ဖော်ထုတ်ပြီး တရားမျှတမှု ဆောင်ကြဉ်း ပေးနိုင်စွမ်း မရှိကြဘူး ဆိုပြီး လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်ကြ ပါတယ်။

အခုလို လိင်ပိုင်းဆိုင်ရာ အကျူးလွန် ခံရပြီဆိုရင် အမျိုးသမီးတွေဘက်က လူသိထင်ရှား ဖွင့်ဟ ပြောဖို့ရာ အခက်အခဲတွေ ရှိနေတာကလည်း တရားမျှတမှုကို ဖော်ဆောင်နိုင်ဖို့ရာ အဓိက အဟန့်အတား ဖြစ်နေရပါတယ်။

ဖွင့်ဟ တိုင်ကြားတဲ့သူ အပေါ် သြဇာ အာဏာ ရှိတဲ့ ကျုးလွန်သူတွေက ဒုက္ခပေးနိုင်တဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်ရတာမျိုး ရှိသလို တစ်ဘက်ကလည်း အောက်ခြေ ကျေးရွာ အုပ်ချုပ်ရေးက စလို့ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေး ယန္တရား အဆင့်ဆင့်ထိ အမျိုးသားတွေ လွှမ်းမိုးထားဆဲ အခြေအနေကလည်း လိင်ပိုင်း အကြမ်းဖက်မှုတွေကို ဖွင့်ဟပြောလာစေဖို့ တွန်းအားမဖြစ်စေဘူး လို့ လည်း မယ်စုစုဆွေ က သုံးသပ် ပါတယ်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရတာမျိုးသာမက ပိုက်ဆံရှိ လူတန်းစားတွေ အိမ်မှာ အိမ်အကူ လုပ်ကြရတဲ့ အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေ အနေနဲ့လည်း တိကျတဲ့ ဥပဒေရဲ့ စောင့်ရှောက် ကာကွယ်မှု မရကြတဲ့ အတွက် ကိုယ်ထိလက်ရောက် ညှင်းပမ်း နှိပ်စက်ခံရတာ တွေ၊ လူ့ဂုဏ်သိက္ခာနဲ့ မလျော်ညီစွာ ဆက်ဆံခံရတာတွေ ရှိနေတယ် ဆိုပြီး အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန် ကြပါတယ်။