SSPP နဲ့ အစိုးရ တွေ့ခဲ့ကြပေမယ့် သဘောတူမှု ထွက်မလာသေး

  • 25 နိုဝင်ဘာ 2015
ssa_sspp_soldiers ဓာတ်ပုံ မူပိုင် no credits
Image caption နယ်မြေ စိုးမိုးလိုမှု အပေါ်မှာသာ အခြေခံ ဆွေးနွေး နေရင်တော့ သဘော တူညီမှု ထွက်ပေါ် လာဖို့ မလွယ်နိုင်။

ရှမ်းပြည်နယ်ထဲ တစ်လကျော် ကြာ တိုက်ပွဲ ဖြစ်နေခဲ့တဲ့ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း SSPP/SSA နဲ့ အစိုးရ တို့ အကြား တွေ့ဆုံ ဆွေးနွေး လာခဲ့ပြီ ဖြစ်ပေမယ့် စစ်ရပ်စဲ ဖို့ ကတော့ အပြီးသတ် သဘော တူညီမှု ထွက်ပေါ် မလာ သေးဘူးလို့ SSPP ဘက်က ပြောပါတယ်။

SSPP/SSA နဲ့ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ တို့ နိုဝင်ဘာ ၂၄ ရက်နေ့ က ရန်ကုန်မြို့ ၈ မိုင် ရန်ကုန်စီးတီး ဟိုတယ် မှာ ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။

လောလောဆယ် မှာတော့ နှစ်ဘက်တပ် တွေ အပစ် ရပ်ထားဖို့ ပြောထားတယ် ဆိုပြီး SSPP/SSA ရဲ့ ပြောခွင့်ရဲ့ ဗိုလ်မှုး စိုင်းစု က ဘီဘီစီ ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း လေကြောင်း ကနေ တိုက်ခိုက် ခဲ့တဲ့ အထိ တိုက်ပွဲ တွေ ပြင်းထန်ခဲ့ အပြီး အခု လို ဆွေးနွေးပွဲ စကားဝိုင်း ရောက်လာတာ ဟာ အ စိုးရ ဘက်က ဖိအားပေး တဲ့ ဗျူဟာ အောင်မြင် တယ်လို့ ပြောရမှာ ဖြစ်တယ် လို့ ရန်ကုန်က ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

အခု ဆွေးနွေး ခဲ့ကြတဲ့ အထဲ ထိပ်တိုက် ဆိုင်ထားတဲ့ နှစ်ဖက်တပ်တွေ ဟာ မိုင်းနောင်-မိုင်းရှူး ကားလမ်း ကို အလယ်မှာ ထားပြီး တောင် မြောက်ခွဲ နေထိုင် ကြဖို့ ဆိုတဲ့ အချက် ပါဝင်ပါတယ်။

အဲဒီ့ နေရာဟာ အစိုးရ တပ် ဘက်က SSPP/SSA ရဲ့ ဌာနချုပ် ဝမ်ဟိုင်း အပါအဝင် တခြား လူမျိုးစု လက်နက်ကိုင် တပ်တွေ ဖြစ်တဲ့ ဝ၊ တအာင်း နဲ့ ကေအိုင်အေ တို့ရဲ့ ဆက်သွယ်ရေး လမ်းကြောင်း ကို စိုးမိုး ထား နိုင်တဲ့ နေရာ ဖြစ်တဲ့ အတွက် အစိုးရ တပ်ဘက် ကပါ ဆုတ်ခွာ ပေးနိုင်မှ ရေရှည် စစ်ရပ်စဲရေး ဖြစ်နိုင်မယ် လို့ တိုင်းရင်းသား အရေး စောင့်ကြည့် လေ့လာသူ သတင်းစာဆရာ စိုင်းထွန်းအောင်လွင် က ပြောပါတယ်။

လာမယ့် သီတင်းပတ် ထဲမှာ SSPP/SSA နဲ့ အစိုးရ ကိုယ်စားလှယ်တွေ ထပ်တွေ့ ကြဖို့ စီစဉ် ထားပါတယ်။

နှစ်ဘက်တပ် တွေ အကြား နယ်မြေ စိုးမိုးလိုမှု အပေါ်မှာသာ အခြေခံ ဆွေးနွေး နေရင်တော့ သဘော တူညီမှု ထွက်ပေါ် လာဖို့ မလွယ်နိုင်ဘူး ဆိုတဲ့ စစ်ရေး အကဲခတ်တွေ ရဲ့ သုံးသပ်မှုတွေ လည်း ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ