NLD အစိုးရဖွဲ့ရင် ဘယ်သူတွေ ပါမလဲ

  • 26 နိုဝင်ဘာ 2015
Daw Aung San Suu Kyi ဓာတ်ပုံ မူပိုင် AFP
Image caption NLD ပါတီဝင်မဟုတ်သူတွေကို အစိုးရအဖွဲ့မှာ ထည့်ဖို့ ဒေါ်စု စဉ်းစားနေ

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က NLD ကဖွဲ့မယ့် အစိုးရအဖွဲ့မှာ ပါနိုင်မယ့် သူတွေနဲ့ ပါတ်သက်ပြီး သတင်းမီဒီယာ တစ်ခုနဲ့ မေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။

NLD က အစိုးရဖွဲ့တဲ့ အခါ NLD မဟုတ်တဲ့ တိုင်းရင်းသားတွေနဲ့ တခြား ပါတီက သူတွေ ပါနိုင် လိမ့်မယ်လို့ RFA သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့ နိုင်ငံရေးလေ့လာ သူတစ်ယောက် ဖြစ်တဲ့ စာရေးဆရာ ဦးသန်းစိုးနိုင်ကတော့ ဒါဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ရှေ့ရှုတဲ့ ဦးတည်ချက် ဖြစ်ကြောင်းနဲ့ အစိုးရ အဖွဲ့သစ်မှာ လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီနဲ့ တပ်မတော် ဘက်က အငြိမ်းစားယူထားတဲ့ ပုဂ္ဂိုလ်တွေ အပြင် ဝန်ကြီး တာဝန် ထမ်းဆောင်ဖူးသူတွေလည်း ပါလာနိုင်တယ်လို့ မှန်းဆနေ ပါတယ်။

သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ တောင်းဆိုထားတဲ့ ဒေါ်အောင်ဆန်း စုကြည် အနေနဲ့က အခုလို ညီညွတ်ရေး အစိုးရဖွဲ့မယ် ဆိုရင် ဒီပုဂ္ဂိုလ်တွေနဲ့ အဓိက ဆွေးနွေးရဖွယ်ရှိတာကြောင့် အမြန် တွေ့ဆုံဖို့ လိုလားနေတာလို့လည်း ဦးသန်းစိုးနိုင်က ပြောပါတယ်။

မကြာသေးခင်က အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့မြေး ဖြစ်သူ ကိုနေရွှေသွေးအောင်ခေါ်ဖိုးလပြည့်နဲ့ တွေ့ဆုံခဲ့တာဟာလည်း ထူးခြားတယ်လို့ သူက ပြောပါတယ်။

သူမြေးက တဆင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဘယ်လို သတင်းစကားတွေ ပါးလိုက်တယ် ဆိုတာ အတိအကျ မပြောနိုင်ပေမဲ့ ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရတယ် ဆိုတာကို အသိအမှတ်ပြုတယ်၊ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ခေါင်းဆောင်မှုကို အသိအမှတ် ပြုတဲ့ သဘောလို့ လက်ရှိ အနေအထားမှာ သုံးသပ်လို့ ရကြောင်း ဦးသန်းစိုးနိုင် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ