မင်းပြားမှာ ရခိုင်အမျိုးသားပါတီဝင်တွေ တရားစွဲခံရ

  • 27 နိုဝင်ဘာ 2015
Image caption ရခိုင်ပြည်နယ်မှာ လွှတ်တော် သုံးရပ်စလုံးမှာ ရခိုင်အမျိုးသား ပါတီက အနိုင်ရခဲ့

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ ရွေးကောက်ပွဲအတွင်း မတရား မဲဆွယ် စည်းရုံးတယ်ဆိုပြီး ရခိုင်အမျိုးသား ပါတီဝင် တချို့ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဝင်တွေက ရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။

မင်းပြား မြို့နယ်က ပြည်သူ့ လွှတ်တော် နေရာအတွက် ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရခဲ့တဲ့ ရခိုင်အမျိုးသား ပါတီဝင် ဦးစစ်နိုင်ရဲ့ဇနီး အပါအဝင် လူ၈ ဦးကို အခုလို တရားစွဲဆိုခဲ့တာပါ။

မတရား မဲဆွယ်တယ် ဆိုပြီး အဲဒီလူတွေကို ပုဒ်မ ၅၈၉နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ စည်းရုံးရေးမှူး ဆိုသူက တရားစွဲခဲ့တာ ဖြစ်တယ်လို့ ရခိုင်အမျိုးသား ပါတီ ပြန်ကြားရေးဌာန တာဝန်ခံ ဦးသိန်းဇံက ဘီဘီစီကို ပြောပါတယ်။

မင်းပြားမြို့နယ်က ခေါင်းလောင်းချောင်း ကျေးရွာမှာလည်း ရွာသား ၆ ဦးကို နယ်ထိန်း ရဲတပ်ဖွဲ့က လာရောက် စစ်ဆေးသွားတယ်လို့ ကျေးရွာသား တစ်ဦးက ပြောပြပါတယ်။

အဲဒီလို စစ်ဆေးခံကြရတဲ့ အတွက် ကျေးရွာသားတွေ အကြားမှာတော့ စိုးရိမ်မှု အထူး တိုးပွားနေတယ်လို့ သိရပါတယ်။

အဲဒီလူတွေကို တရားစွဲဆို အမှုဖွင့်ခဲ့တာနဲ့ ပတ်သက်လို့ မင်းပြားမြို့နယ် ရဲစခန်းက ရဲအုပ် စိန်ထွန်းဦးက အတည်ပြု ပြောခဲ့ပေမယ့် သူတို့ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက တရားစွဲဆိုတာ မဟုတ်ဘဲ မဲပေးခွင့် ရှိတဲ့သူတွေက တရားလို လုပ်ပြီး အမှုဖွင့်ထားတာ ဖြစ်တယ်လို့ ပြောပါတယ်။

၂၀၁၅ ရွေးကောက်ပွဲအတွင်း မင်းပြားမြို့နယ်မှာ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီနဲ့ ရခိုင်အမျိုးသား ပါတီအကြား ပြိုင်ဆိုင်မှုတွေ ပြင်းထန်ခဲ့ပြီး ရခိုင်အမျိုးသား ပါတီက လွှတ်တော် သုံးရပ် စလုံးကို အနိုင်ရသွားခဲ့ပြီးတဲ့နောက်မှာ အခုလို တရားစွဲဆိုမှုတွေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။