မိုင်းရှူးမြို့ပေါ်ကို ဒုက္ခသည်တွေ ဝင်လာနေဆဲ

  • 27 နိုဝင်ဘာ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption အလှူရှင်တွေ လှူဒါန်းထားတာတွေနဲ့ ဒုက္ခသည်တွေကို စောင့်ရှောက်ထားရ

နှစ်ဘက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း SSPP/SSA နဲ့ အစိုးရ အကြား ဆွေးနွေးမှုတွေ စတင်ခဲ့ပြီ ဖြစ်ပေမယ့် တစ်လကျော်ကြာ တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည်တွေ အရေးကတော့ ဆက်လက် ရှိနေဆဲ ဖြစ်ပါတယ်။

SSPP ရဲ့ ဝမ်ဟိုင်း စစ်ဌာနချုပ် ကို အစိုးရက လေကြောင်းကနေပါ အပြင်းအထန် တိုက်ခိုက်ခဲ့တဲ့ စစ်ရှိန်ကြောင့် ပတ်ဝန်းကျင် ကျေးရွာတွေက ဒုက္ခသည်ပေါင်း သောင်းနဲ့ချီပြီး အိုးအိမ်တွေ စွန့်ခွာပြီး ထွက်ပြေးခဲ့ကြ ရပါတယ်။

မိုင်းရှုးမြို့ကို ဒုက္ခသည်တွေ တဖွဲဖွဲ ဝင်လာနေဆဲ ဖြစ်ပြီး မြို့ ပေါ်မှာ ဒုက္ခသည် တစ်ထောင် ဝန်းကျင် နဲ့ အနီးအနား ဟာ့သာ ရွာမှာလည်း တစ်ထောင့် ငါးရာ ဝန်းကျင် ရှိနေပြီ ဖြစ်တယ်လို့ ဒုက္ခသည်တွေကို ကူညီနေတဲ့ မိုင်းရှုးမြို့ခံ နန်းဆိုင်ဟိန်းက ဘီဘီစီကို ပြောပါတယ်။

ဖြစ်ခဲ့တဲ့ တိုက်ပွဲအရှိန်ကြောင့် မိုင်းရှူးမြို့ပေါ်မှာပါ ကျီးလန့်စာစား ဖြစ်နေရပြီး မြို့ခံတွေအနေနဲ့ မနက် မိုးလင်းရင်တောင် လမ်းပေါ် ရဲရဲ မထွက်ဝံ့ဘူးလို့ နန်းဆိုင်ဟိန်းက ပြောသွားပါတယ်။

အလှူရှင်တွေ လှူဒါန်းထားတာတွေနဲ့ ဒုက္ခသည်တွေကို စောင့်ရှောက်ထားရကြောင်းနဲ့ ရှမ်းပြည် အစိုးရက ဒုက္ခသည် စောင့်ရှောက်ရေးအတွက် သိန်းတစ်ရာ ပေးထားတယ်လို့ ကြားရပေမယ့် အခုထက်ထိတော့ ဒုက္ခသည်တွေဆီ ရောက်လာတာ မတွေ့ရသေးဘူးလို့လည်း နန်းဆိုင်ဟိန်း က ဆိုပါတယ်။