ဖားကန့် ကျောက်စိမ်းကုမ္ပဏီ ကားတွေ မဖြတ်ဖို့ ဒေသခံတွေ ဆန္ဒပြ

  • 28 နိုဝင်ဘာ 2015
phakant_jade_kachin ဓာတ်ပုံ မူပိုင် AFP
Image caption ကျောက်စိမ်း မိုင်းတွင်း က စွန့်ပစ်တဲ့ မြေစာပုံ ပြိုကျ ခဲ့လို့ လူတွေ ရာ ဂဏန်း တချို့ သေဆုံး ခဲ့ရတဲ့ အဖြစ်အပျက် နောက်ပိုင်း ကျောက်စိမ်း တူး ကုမ္ပဏီ တွေ ရဲ့ အပြုအမူ တွေ အပေါ် တိုက်ရိုက် ဆန့်ကျင် ကန့်ကွက်တဲ့ လှုပ်ရှားမှု တွေ ဖြစ်ပေါ် လာ။

ကချင် ပြည်နယ် ဖားကန့် ဒေသမှာ ကျောက်စိမ်း မိုင်းတွင်း က စွန့်ပစ်တဲ့ မြေစာပုံ ပြိုကျ ခဲ့လို့ လူတွေ ရာ ဂဏန်း တချို့ သေဆုံး ခဲ့ရတဲ့ အဖြစ်အပျက် နောက်ပိုင်း ကျောက်စိမ်း တူး ကုမ္ပဏီ တွေ ရဲ့ အပြုအမူ တွေ အပေါ် တိုက်ရိုက် ဆန့်ကျင် ကန့်ကွက်တဲ့ လှုပ်ရှားမှု တွေ ဖြစ်ပေါ် လာပါတယ်။

နိုဝင်ဘာ ၂၈ ရက် စနေနေ့ တုန်းက ဆိုရင် စွန့်ပစ် မြေစာတွေ သယ်ဆောင် တဲ့ ကုမ္ပဏီ တွေရဲ့ ကားတွေ ကို သူတို့ရဲ့ ရွာ က နေ ဖြတ် မသွား ဖို့ ဆိုပြီး ဖားကန့် မြို့နယ် ဆိုင်းတောင် ကျေးရွာ အဝင်မှာ ဒေသခံ အယောက် ၅၀၀ ဝန်းကျင်ဟာ လမ်းမ ပေါ် တက်ပြီး ပိတ်ဆို့ ကြရင်း နဲ့ ကန့်ကွက် ခဲ့ကြ ပါတယ်။

ကုမ္ပဏီ ကားကြီး တွေ ရဲ့ မောင်းနှင် ပုံ ဟာ ကျောင်းသား ကလေးငယ် တွေ အပါအဝင် ဒေသခံ တွေ အတွက် အန္တရာယ် ကြီး စေပြီး အသက် ဆုံးရှုံး ရတဲ့ အထိ အောင် ထိခိုက် မှု ရှိခဲ့ရင် လည်း အာဏာပိုင် တွေ ဘက် က အရေးယူ ဆောင်ရွက် မပေးဘူး လို့ ကားလမ်းပိတ် ဆန္ဒပြ တားဆီးမှုမှာ ဦးဆောင်ပါဝင်တဲ့ ကချင်လူမှု ဖွံ့ ဖြိုးရေး ဖေါင်ဒေးရှင်း ရဲ့ အဖွဲ့ခေါင်းဆောင် ဦးလှတောင် က ဘီဘီစီ ကို ပြောပါတယ်။

မြေစာ သွားစွန့် တဲ့ ကားကြီး တွေ ကြောင့် ပြီးခဲ့တဲ့ သောကြာ နေ့ နဲ့ စနေနေ့ တွေ တုန်းက လူ့ အသက် ဆုံးရှုံး ရခဲ့တဲ့ အထိ ထိခိုက် ခဲ့ရ ပြီး ဒီလို အန္တရာယ် အဖြစ်မျိုး ကို ဒေသခံ တွေ အနေနဲ့ နေ့စဉ် နဲ့ အမျှ တွေ့ကြုံ ခံစား နေရတာ ဖြစ်တယ် လို့ လည်း ဦးလှတောင် က ဆိုပါတယ်။

အခုလို လူတွေ ရာပေါင်း များစွာ လမ်းပေါ် ထွက် လာတဲ့ အပေါ် ဖားကန့် မြို့နယ် ရဲစခန်း မှုး ဆင်း လာပြီး ဒေသခံ တွေ နဲ့ လာရောက် ညှိနှိုင်း ခဲ့တယ် လို့ ဦးလှတောင် က ပြောပေမယ့် ဘယ်လို သဘောတူ ညီ ချက် တွေ ရနိုင် ခဲ့လဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရ သေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ