နိုင်ငံရေး ဆွေးနွေးပြီးမှ ပါတီချင်း ပူးပေါင်းဆောင်ရွက်မယ်

  • 29 နိုဝင်ဘာ 2015
khun_tun_oo ဓာတ်ပုံ မူပိုင် Reuters
Image caption ပါတီ နှစ်ခု ကြား ပူးပေါင်း ဆောင်ရွက် နိုင်ဖို့ ဆိုရင် နိုင်ငံရေး ဆွေးနွေးမှု အရင် လုပ်ဆောင် ရမယ်။

ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ နဲ့ နိုင်ငံရေး ဆိုင်ရာ ဆွေးနွေးမှု တစ်ခုမှ မလုပ်ရ သေးပဲနဲ့ ဘယ်လို ကိစ္စချင်းရာ ကိုမှ ပူးပေါင်း လုပ်ဆောင်မယ် မလုပ်ဆောင်ဘူး စသဖြင့် ကြိုတင် မဆုံးဖြတ် ထားဘူး လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီ က ပြောပါတယ်။

ပါတီ နှစ်ခု ကြား ပူးပေါင်း ဆောင်ရွက် နိုင်ဖို့ ဆိုရင် စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ရရှိရေး နဲ့ တန်းတူ ညီမျှရေး ကိစ္စတွေ အကြောင်း အဓိက ထား ပြောဆိုမယ့် နိုင်ငံရေး ဆွေးနွေးမှု အရင် လုပ်ဆောင် ရမယ် ဆိုတဲ့ အဓိပ္ပာယ် ဖြစ်တယ် ဆိုပြီး SNLD ပါတီရဲ့ တွဲဘက် အထွေထွေ အတွင်းရေးမှုး စိုင်းလိတ် က ဘီဘီစီ ကို ပြောပါတယ်။

ဒီအချက် တွေ ကို အခြေခံ ပြီးတော့မှ အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စတွေ ကို SNLD ဘက်က ဆက်လက် ဆွေးနွေး မှာ ဖြစ်တယ် လို့ ဆိုပါတယ်။

ဒီလို နိုင်ငံရေး ဆွေးနွေးမှု မလုပ် ပဲနဲ့ ပါတီ ၂ခုကြား အပေးအယူ ကိစ္စတွေ၊ ပူးပေါင်း ဆောင်ရွက် ရေး ကိစ္စတွေ ကို SNLD ပါတီ ဘက်က ပြုလုပ်မှာ မဟုတ်ပဲ၊ ပါတီ ၂ခု အကြား ညှိနှိုင်း ဆွေးနွေး စရာ ရှိရင်လည်း ဗဟို ဌာနချုပ် အချင်းချင်းကြားပဲ စကား စတင် ပြောကြဖို့ SNLD ပါတီ ရဲ့ ဗဟို ကော်မတီ အစည်း အဝေး ကနေ ဆုံးဖြတ် ထားတယ် လို့လည်း စိုင်းလိတ် က ဆိုပါတယ်။

နိုဝင်ဘာ ပထမပတ် မှာ ပြုလုပ်ခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီး SNLD ပါတီ ရဲ့ အားနည်းချက်၊ အားသာ ချက် တွေ ကို ပြန်လည် သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ် တွေ ကို ချမှတ်ဖို့ ပါတီရဲ့ ဗဟိုကော်မတီ အစည်းအဝေး တစ်ရပ်ကို ကျောက်မဲ မြို့မှာ ကျင်းပ နေကြတာ ဖြစ် ပါတယ်။

အဲဒီ့ အစည်း အဝေး ကို SNLD ပါတီ ရဲ့ ဗဟိုကော်မတီ CC နဲ့ ဗဟို အလုပ်အမှုဆောင် ကော်မတီ CEC အဖွဲ့ဝင် အယောက် ၅၀ ကျော်၊ SNLD ပါတီကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲ ဝင်ခဲ့သူ ၁၅၈ ယောက် နဲ့ သက်ဆိုင်ရာ မြို့နယ် အသီးသီး က အဖွဲ့ ဥက္ကဌ တွေ တက်ရောက် နေပါတယ်။

ကျားခေါင်းပါတီ လို့လည်း အသိများတဲ့ SNLD ပါတီ ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမျိုးသား လွှတ်တော် အတွက် ၃ နေရာ ၊ ပြည်သူ့ လွှတ်တော် အတွက် ၁၂ နေရာ နဲ့ ပြည်နယ် လွှတ်တော် အတွက် ရှမ်းပြည်နယ် မှာ ၂၄ နေရာ၊ ကချင်ပြည်နယ် မှာ ၁ နေရာ အနိုင်ရ ရှိ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ