ဒေါ်စုကို သမ္မတနဲ့ ကာချုပ် လက်ခံတွေ့မယ်

  • 30 နိုဝင်ဘာ 2015
Daw Aung San Suu Kyi ဓာတ်ပုံ မူပိုင် AP
Image caption ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနဲ့ ကာချုပ်က တစ်ရက်တည်း သီးခြားတွေ့မယ်

အန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က တွေ့ဆုံ ဆွေးနွေးလိုတယ်လို့ တောင်းဆိုထားမှု အရ သမ္မတဦးသိန်းစိန်နဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့က လာမယ့် ဒီဇင်ဘာလ ၂ ရက်နေ့မှာ သီးခြားစီ တွေ့ဆုံမယ်လို့ ထုတ်ပြန် ကြေညာထားပါတယ်။

အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် ဆွေးနွေးဖို့ တောင်းဆိုခဲ့တဲ့ ဒေါ်အောင်ဆန်း စုကြည် အနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ အကျပ်အတည်းနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး အကျပ်အတည်း ကိစ္စတို့ကို မဖြစ်မနေ ဆွေးနွေးနိုင်ဖွယ် ရှိတယ်လို့ မြန်မာ့ နိုင်ငံရေး လေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက ပြောပါတယ်။

သမ္မတနဲ့ တွေ့ဆုံမှုထက် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံမှုက ပိုပြီး အရေးကြီးတယ်လို့လည်း သူက သုံးသပ်ပါတယ်။

ကာကွယ်ရေး ဦးစီးချုပ်နဲ တွေ့ဆုံတဲ့ အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်က သူသမ္မတ ဖြစ်ရေးအတွက် အတားအဆီး ဖြစ်နေတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၅၉( စ)ကို မပြင်ဆင်ဘဲ သမ္မတ အဖြစ် လုပ်နိုင်ဖို့ ညှိနှိုင်းတာတွေ လုပ်နိုင်တယ်လို့ ဒေါက်တာရန်မျိုးသိမ်းက ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ကို သမ္မတ ဦးသိန်းစိန်က ဒီဇင်ဘာ ၂ရက် မနက်ပိုင်းမှာ တွေ့ဆုံမယ်လို့ နိုင်ငံတော် သမ္မတရုံးက ကြေညာထားသလို ကာကွယ်ရေး ဦးစီးချုပ်နဲ့ နေ့လယ် ၂ နာရီ တွေ့ဆုံမယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက ကြေညာထားပါတယ်။

နိုဝင်ဘာလ ၁၀ ရက်နေ့က သမ္မတနဲ့ ကာကွယ်ရေး ဦးစီးချုပ် တို့ တွေ့ဆုံနိုင်ဖို့ သီးခြားဆီ စာပေးပို့ တောင်းဆိုခဲ့ရာမှာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ ပြီးမှ တွေ့ကြဖို့ နှစ်ယောက်စလုံးက အကြောင်းပြန် ထားတာကြောင့် ဒီဇင်ဘာလ နောက်ဆုံးပတ်ထဲ ရောက်မှတွေ့မယ် လို့အများက ခန့်မှန်းထားခဲ့ကြပါတယ်။

အခုတော့ အားလုံးမှန်းထားတာထက် စောပြီး တွေ့ကြမှာ ဖြစ်လို့ ရလာဒ်ကောင်းတွေ ရနိုင်တယ်လို့ မျှော်လင့် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ