ဝန်ကြီးဌာနတွေ တောင်းတဲ့ ဘတ်ဂျက်အပေါ် လွှတ်တော်အမတ်တွေ ဝေဖန်နေ

  • 1 ဒီဇင်ဘာ 2015
amyothar_hluttaw
Image caption ဝန်ကြီး ဌာန တချို့ရဲ့ တောင်းခံမှုတွေ ဟာ ယုတ္တိမတန် ဘူး ဆိုပြီး လွှတ်တော် အမတ် တွေ ဘက်က ကန့်ကွက်။

လက်ရှိ အစိုးရ သက်တမ်း ၃ လပဲ ကျန်တော့ ပေမယ့် အစိုးရ ဝန်ကြီး ဌာန တွေ က ဖြည့်စွက် ဘဏ္ဍာငွေ အနေနဲ့ ခွင့်ပြုဖို့ ပြည်ထောင်စု လွှတ်တော် ထံကို တောင်းခံ လာတဲ့ ဘတ်ဂျက် ငွေ ဟာ စုစုပေါင်း ကျပ်ငွေ ဘီလီယံ ပေါင်း ၂၄၀၀ ကျော် နေပါတယ်။

ဝန်ကြီး ဌာန တချို့ရဲ့ တောင်းခံမှုတွေ ဟာ ယုတ္တိမတန် ဘူး ဆိုပြီး လွှတ်တော် အမတ် တွေ ဘက်က ကန့်ကွက်သံ တွေ ထွက် ပေါ် လာပါတယ်။

ပြည်ထဲရေး ဌာန က ကျပ်ငွေ ဘီလီယံ ၇၀ ကျော် အသုံးစားရိတ် တောင်းခံ မှုထဲမှာ ကားတွေ ဝယ်ယူ တင်သွင်းဖို့ ဆိုတဲ့ အကြောင်း ပြချက် ပါဝင် နေပါတယ်။

တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ က မြန်မာ ရဲ တပ်ဖွဲ့ ကို လောလော လတ်လတ် မှာပဲ ကားစင်းရေ ၅၀ ကျော် အခမဲ့ ပေး ထားတာ ဖြစ်လို့ နောက်ထပ် ဝယ်ယူဖို့ လိုသလား ဆိုပြီး NLD ပါတီ ရဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက လွှတ်တော် ထဲမှာ မေးခွန်း ထုတ်ခဲ့ ပါတယ်။

တခါ၊ မွေးရေ ကျေးလက် လို့ ခေါ်တဲ့ မွေးမြူရေး၊ ရေလုပ်ငန်း နဲ့ ကျေးလက် ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီး ဌာန က မအူပင် သံတပွတ်ချောင်း တံတား ချည်းကပ်လမ်း အတွက် ကတ္တရာ ခင်းဖို့ ဆိုပြီး သန်း ၆၀၀ နီးပါး တောင်းခံ တဲ့ အပေါ် မှာလည်း တံတားဆောက် ပြီးတာ ၂ နှစ် ၃ နှစ် ကြာမှ အခုလို တောင်းခံတာ သင့်တော်လား ဆိုပြီး ကြံ့ခိုင်ရေး ပါတီ သာပေါင်း ပြည်သူ့လွှတ်တော် အမတ် ဦးဝင်းသန်းက ထောက်ပြ ခဲ့ ပါတယ်။

လက်ကျန် အစိုးရ သက်တမ်း ၃ လအတွင်း သုံးစွဲဖို့ ဘဏ္ဍာငွေ တောင်းခံထားတဲ့ ဝန်ကြီး ဌာန တွေထဲမှာ ကာကွယ်ရေး၊ ပြည်ထဲရေး၊ မွေးရေ ကျေးလက်၊ လယ်ဆည်၊ လျှပ်စစ် နဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာန တွေ က အများဆုံး တောင်းခံ တာ ဖြစ်တယ် လို့ ဘီဘီစီရဲ့ နေပြည် တော် သတင်းထောက် က ပြောပါတယ်။

ရွေးကောက်ပွဲ မှာ ရှုံးခဲ့တဲ့ အတွက် နောက်လွှတ်တော် ဖွဲ့စည်းတဲ့ အခါ ပြန်လည် မပါဝင် လာတော့မယ့် အမတ် တချို့ ဟာ လွှတ်တော် အစည်းအဝေး တွေ မှာ ပိုပြီး တက်တက်ကြွကြွ နဲ့ မေးမြန်း ဆွေးနွေး တာတွေ လုပ်လာတာ တွေ့ရတယ် လို့လည်း ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ