မြန်မာ ဘင်္ဂလားဒေ့ရှ် နယ်စပ် လုံခြုံရေး သဘောတူချက်ရ

  • 2 ဒီဇင်ဘာ 2015
ဓာတ်ပုံ မူပိုင် narinjara
Image caption နယ်စပ် ခြံစည်းရိုးတွေကို ဝင်ရောက် ဖျက်ဆီးနေတဲ့ RSO အဖွဲ့ကို နှိမ်နှင်းပေးဖို့ ဘင်္ဂလားဒေ့ရှ်ဘက်ကို မြန်မာဘက်က တောင်းဆိုခဲ့

မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့မှာ ဒီဇင်ဘာလ ၁ရက်နေ့က မြန်မာ နယ်ခြားစောင့်တပ်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့တို့ အကြား တပ်မှူးအဆင့် အလံတင် ဆွေးနွေးပွဲ ကျင်းပခဲ့ပြီး နယ်စပ် လုံခြုံရေး ဆိုင်ရာ သဘောတူညီမှုတွေ ရခဲ့ကြ ပါတယ်။

မောင်တောမြို့ ဒေဝနဒီ ခန်းမမှာ ပြုလုပ်ခဲ့တဲ့ အလံတင် အစည်းအဝေးကို မြန်မာဘက်က အမှတ်( ၁ ) နယ်ခြားစောင့် တပ် ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကို ဦးစီးတဲ့ ကိုယ်စားလှယ် ၂၀ အဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က စစ်တကောင်း တပ်နယ် နယ်ခြားစောင့် တပ်မှူး ဗိုလ်မှူးချုပ် ဟာဘူဒူ ကရိမ်း ဦးဆောင်တဲ့ ကိုယ်စားလှယ် ၂၆ ဦးပါ အဖွဲ့တို့ တက်ရောက် ဆွေးနွေးခဲ့ ကြပါတယ်။

အစည်းအဝေးမှာ ကုန်သွယ်ရေး ကိစ္စ၊ ခုနှစ်ရက် ဗီဇာနဲ့ နှစ်ဘက် နိုင်ငံအကြား လည်ပတ် သွားလာ ခွင့်ပြုထားတဲ့ ကိစ္စ၊ နယ်စပ် ဖြတ်ကျော် ဝင်ရောက်နေတဲ့ မူးယစ်ဆေးဝါး နှိမ်နှင်းရေးကိစ္စ၊ ငါးဖမ်းသမားတွေကို နယ်စပ် ဖြတ်ကျော်ပြီး ဓါးပြတိုက်တဲ့ ကိစ္စ စတာတွေကို ဆွေးနွေးခဲ့ကြတဲ့ အပြင် လက်နက်ကိုင်အဖွဲ့တွေကို ပူးပေါင်း နှိမ်နှင်းရေး ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

နယ်စပ် ခြံစည်းရိုးတွေကို ဝင်ရောက် ဖျက်ဆီးနေတဲ့ RSO အဖွဲ့ကို နှိမ်နှင်းပေးရေး အတွက် မြန်မာဘက်က တောင်းဆိုခဲ့သလို နယ်စပ်မှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရစေတဲ့အထိ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ ရက္ခိုင့် တပ်မတော်ကို စစ်ဆင်ရေး လုပ်ရာမှာ မြန်မာဘက်က ပူးပေါင်း ဆောင်ရွက်ပေးဖို့ ဘင်္ဂလားဒေ့ရှ်ဘက်က တောင်းဆိုခဲ့တယ်လို့ ဆွေးနွေးပွဲမှာ စကားပြန်အဖြစ် ဆောင်ရွက်ခဲ့တဲ့ ဦးသာဇံဦးက ဘီဘီစီကို ပြန်ပြောပြပါတယ်။

နှစ်နိုင်ငံအကြား သဘောတူညီချက် အများအပြားကို လက်မှတ် ရေးထိုးခဲ့သလို နယ်စပ်ဒေသ လုံခြုံရေးနဲ့ ပတ်သက်လို့ သတင်းဖလှယ်ရေးကိုလည်း သဘောတူညီမှု ရရှိခဲ့တယ်လို့ ပြောပါတယ်။

နှစ်ဦးနှစ်ဘက် အငြင်းမပွားဘဲ အစည်းအဝေး အောင်မြင်စွာ ပြီးဆုံးခဲ့ပြီး သဘောတူစာချုပ်တွေကို လက်မှတ် ရေးထိုးနိုင်ခဲ့တယ်လို့ ပြောပါတယ်။

လာမယ့် ဇန်နဝါရီလ ပထမအပတ်မှာတော့ နယ်စပ်ရေးရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ ညွှန်ကြားရေးမှူးအဆင့် နေပြည်တော်မှာ ဆွေးနွေးသွားဖို့ အစီအစဉ် ရှိတယ်လို့လည်း သိရပါတယ်။