ခုံးကျော်တံတား အသုံးစရိတ် ရန်ကုန်တိုင်း လွှတ်တော်မှာ တင်ပြ

  • 1 ဒီဇင်ဘာ 2015
Image caption ခုံးကျော်တံတား လေးစင်းအတွက် ကုန်ကျစရိတ် ငွေကျပ် ဘီလျံ ၈၀ကို ရန်ကုန်တိုင်း လွှတ်တော်က အတည်ပြုပေးခဲ့

ရန်ကုန်တိုင်း အတွင်းက စီမံကိန်း နေရာ ရောင်းချ ငှားရမ်းထားတာတွေ ပိုငွေ၊ လိုငွေ တောင်းခံမှုတွေ အပြင် ခုံးကျော်တံတား လေးစင်း ဆောက်လုပ်ရာမှာ ငွေစာရင်း အသုံးစရိတ်တွေနဲ့ ပတ်သက်လို့ ၂၀၁၄-၂၀၁၅ ခုနှစ် စာရင်းစစ်ချုပ် ဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို ရန်ကုန်တိုင်း လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

အဲဒီမှာ ခုံးကျော်တံတား လေးစင်း ထဲက တချို့ ဆောက်လုပ်တဲ့ ကုမ္ပဏီတွေ အနေနဲ့ ငွေကြေး သန်းနဲ့ချီပြီး ပြန်အပ်ရမှာတွေ ရှိခဲ့ပါတယ်။

စာရင်းစစ်ချုပ် အစီရင်ခံစာမှာတော့ ဘုရင့်နောင်၊ လှည်းတန်း၊ ရွှေဂုံတိုင်၊ မြေနီကုန်း၊ ခုံးကျော်တံတား လေးစင်းထဲက ဘုရင့်နောင်နဲ့ လှည်းတန်း တံတား နှစ်စင်းရဲ့ ကုန်ကျစရိတ်တွေကို ဖော်ပြပါတယ်။

အဲဒီမှာ ဘုရင့်နောင် ခုံးကျော်တံတား ဆောက်လုပ်တဲ့ FMI ကုမ္ပဏီတစ်ခုပဲ ပိုငွေ ငွေကျပ်သိန်းပေါင်း ၄ထောင်ကျော် ပြန်အပ်ပြီး စာရင်း အကုန် ချုပ်နိုင်ခဲ့ပါတယ်။

လှည်းတန်း ခုံးတံတား ဆောက်လုပ်တဲ့ ရွှေတောင်ကုမ္ပဏီ ကတော့ ငွေကျပ် ၉၃သန်းကျော် ပြန်အပ်ဖို့ ကျန်နေသေးသလို ရွှေဂုံတိုင်နဲ့ မြေနီကုန်း ခုံးကျော် တံတား ၂စင်းကတော့ စာရင်း အသေးစိတ် ထွက်မလာသေးပါဘူး။

တံတားလေးစင်းစလုံးရဲ့ ကုန်ကျစရိတ် အသေးစိတ် ထုတ်ပြန်ပေးဖို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက နိုဝင်ဘာ ၃၀ရက်နေ့က တိုင်းလွှတ်တော်မှာ အဆို တင်သွင်းခဲ့ပါတယ်။

ဒီတံတားတွေဟာ ကုန်ကျစရိတ် များလွန်းပြီး အရည်အသွေး မပြည့်မှီတာတွေ ရှိခဲ့တယ်လို့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ပြောပါတယ်။

ဒီခုံးကျော်တံတား လေးစင်းအတွက် ရန်ကုန်တိုင်း လွှတ်တော်က အတည်ပြုပေးခဲ့တဲ့ ကုန်ကျစရိတ် က ငွေကျပ် ဘီလျံ ၈၀ လောက် ရှိခဲ့ပါတယ်။

လောလောဆယ် မှာလည်း ကုက္ကိုင်း၊ တာမွေနဲ့ ၈မိုင် ဂုံးတံတား ၃ခုကို တပြိုင်တည်း ဆောက်လုပ်ဆဲ ဖြစ်ပြီး နောက်ထပ် ကမ္ဘာအေး စေတီလမ်းနဲ့ ပါရမီ လမ်းဆုံ ခုံးကျော်တံတား၊ မြောက်ဥက္ကလာလမ်းဆုံ ခုံးကျော်တံတားတွေ ဆောက်လုပ်ဖို့ ဘဏ္ဍာငွေတွေကိုလည်း လွှတ်တော် အစည်းအဝေးမှာ တင်ပြ တောင်းခံထားပါတယ်။

ဆောက်လုပ် ပြီးစီးတဲ့ တံတား လေးစင်း ကုန်ကျစရိတ် အသေးစိတ်ကို ဒီသီတင်းပတ်အတွင်း ရန်ကုန်တိုင်း လွှတ်တော်မှာ ဆွေးနွေးကြဖို့ ရှိနေပါတယ်။