ဒေါ်စုနဲ့ သမ္မတ၊ ကာချုပ်တို့ တွေ့ဆုံ

  • 2 ဒီဇင်ဘာ 2015
assk_ ဓာတ်ပုံ မူပိုင် Reuters
Image caption ဒေါ်စုနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရက်ထဲ တွေ့ဆုံ

ရွေးကောက်ပွဲ အပြတ်အသတ် အနိုင်ပြီး ၃ ပတ် အကြာမှာ အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် နဲ့ သမ္မတ ဦးသိန်းစိန် တို့ ဗုဒ္ဓဟူးနေ့ မနက် က အာဏာ လွှဲပြောင်းရေး အတွက် ၄၅ မိနစ်ကြာ သမ္မတ အိမ်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံမှုဟာ နွေးထွေး ပွင့်လင်းမှုတွေ ရှိတယ်လို့ သမ္မတ ပြောရေး ဆိုခွင့်ရ ဦးရဲထွဋ် က ပြောပါတယ်။

မြန်မာ နိုင်ငံရဲ့ ပထမဆုံး ငြိမ်းချမ်းစွာ အာဏာ လွှဲပြောင်းရေးကို ပြီးဆုံးအောင် ဆောင်ရွက်သွားဖို့ နှစ်ဦးလုံးက ပိုင်းဖြတ်ထားကြတယ် လို့လည်း ပြောပါတယ်။

ဒီလို တွေ့ဆုံ ရာမှာ မကြာခင် ပေါ်ပေါက် လာမယ့် အစိုးရ အဖွဲ့ကို အေးချမ်း တည်ငြိမ်စွာ တာဝန် လွှဲပြောင်း နိုင်ဖို့၊ ပြည်သူတွေ စိုးရိမ် ပူပန်မှု မရှိစေဖို့ အတွက် နှစ်ဘက် ပူးပေါင်း ဆောင်ရွက်ဖို့၊ ဒီမိုကရေစီ အသွင် ကူးပြောင်း ရေး မှာ ယခင်က မရှိ ခဲ့တဲ့ နိုင်ငံတော် အကြီးအကဲ တာဝန် တွေကို စနစ်တကျ လွှဲပြောင်းရေး အစဉ်အလာ တခု ကို ထူထောင်ဖို့ ကိစ္စ တွေ ကို ဆွေးနွေးခဲ့တယ် လို့ ဦးရဲထွဋ် က တွေ့ဆုံပွဲ အပြီး သတင်းစာ ရှင်းလင်းပွဲ မှာ ပြောကြား ခဲ့ပါတယ်။

ဒါပေမဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စနဲ့ ပတ်သက် ပြီး ဆွေးနွေးတာ မရှိသလို ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စကို သီးခြား ဆွေးနွေး တာ မရှိဘူး လို့ ဦးရဲထွဋ်က ပြောပါတယ်။

နေ့လယ် မှာလည်း ဒေါ်အောင်ဆန်း စုကြည်နဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး ဘုရင့်နောင် ရိပ်သာမှာ ဆွေးနွေး ခဲ့ပါတယ်။

သူတို့ နှစ်ဦး တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့ တွေ့ဆုံမှု ရလဒ် ကို ရတယ်၊ တိုင်းပြည် အတွက် ပူးပေါင်း ဆောင်ရွက်ဖို့ နှစ်ဦး သဘောတူ ခဲ့တယ် လို့ ကာကွယ်ရေး ဦးစီးချုပ် က သတင်းထောက် တွေကို ပြောပါတယ်။

ဆွေးနွေးပွဲ အပြီး ကာကွယ်ရေး ဦးစီးချုပ် ရဲ့ ထုတ်ပြန်ချက် မှာ တည်ငြိမ် အေးချမ်းရေး၊ တရား ဥပဒေ စိုးမိုးရေးနဲ့ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် နှစ်ဘက် ညှိနှိုင်း ပူးပေါင်း ဆောင်ရွက် ဖို့ သဘောတူခဲ့ ကြတယ် လို့ ဖော်ပြ ပါတယ်။

ဘာအကြောင်းအရာ တွေ ဆွေးနွေးတယ် ဆိုတာ ကိုတော့ နှစ်ဘက်လုံးက ထုတ်ဖော် ပြောကြားခြင်း မရှိပါဘူး ။

ဒီသတင်းနဲ့ပတ်သက်သမျှ